မကွေး ၇ သြဂုတ် 

နှမ်း၊ မြေပဲနှင့် အခြားသီးနှံစိုက်ဧကပေါင်း ၁၃ သိန်းကျော် စိုက်ပျိုးသည့် မကွေးတိုင်းဒေသကြီး၌ ယခုနှစ်အတွင်း ဖြစ်ပွားခဲ့သော ဒေသတွင်း၌ မိုးခေါင်ခြင်း၊ အခြားဒေသများနှင့် ဆက်နွယ်သည့် မြစ်ရေကြီးခြင်း စသည့်သဘာဝဘေးဖြစ်စဉ်များကြောင့် စိုက်ဧကတစ်သိန်းခွဲကျော် ထိခိုက်ခဲ့ကာ ယင်းတို့အထဲမှ ဧကတစ်သောင်းခန့်ပျက်စီးမှု တွေ့ကြုံခဲ့ရကြောင်း မကွေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှူးရုံးမှ သိရသည်။

 

6545

 

တိုင်းဒေသကြီးအတွင်း၌ မိုးဦးကျ မြေပဲစိုက်ဧက ၂၇၀ဝ၀ဝ ကျော်၊ နှမ်းစိုက်ဧက ၁၀၃၀ဝ၀ဝ ကျော်ရှိပြီး မိုးကိုမျှော်၍ စိုက်ပျိုးရေးလုပ်ကိုင်သည့်နေရာများတွင် မိုးခေါင်သဖြင့် သီးနှံများပျက်စီးခဲ့ရသကဲ့သို့ မြေနုကျွန်းများနှင့် မြစ်ကမ်းဘေးတွင်း စိုက်ပျိုးထားသည့် နှမ်း၊ မြေပဲနှင့် အခြားသီးနှံစိုက်ပျိုးခင်းများတွင် မြေရေကြီးပြီး ရေဝင်ရောက်သဖြင့် ပျက်စီးမှုများ တွေ့ကြုံခဲ့ရခြင်း ဖြစ်သည်။

 

8238

 

“စိုက်ပျိုးထားတဲ့ နေရာတွေအရောက် ကွင်းဆင်းပြီး စစ်ဆေးခဲ့ပါတယ်။ ဇူလိုင် ၃၁ ရက်အထိ မှတ်တမ်းအရ မိုးခေါင်၊ ရေကြီး သဘာဝဘေးကြောင့် ထိခိုက်တဲ့ သီးနှံစုံ စိုက်ဧကပေါင်း (၁၅၀၂၂၂)ရှိပြီးတော့ ပျက်စီးတဲ့ဧက (၉၇၉၇) ဧကရှိပါတယ်” ဟု မကွေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးခင်မောင်ဝင်းက ပြောသည်။

အပွင့်၊ အသီးနှင့် မြေအားဓာတ်စာယူချိန်တွင် တစ်လခန့် မိုးခေါင်လိုက်ခြင်းကြောင့် သီနှံများ ခြောက်သွေ့၍ နှမ်းခင်းများမှာ မျှော်လင့်ချက်မရှိတော့ဘဲ မြေပဲခင်းများမှာ ယခုရက်ပိုင်းအတွင်း မိုးရပါမှ မျှော်လင့်ချက်ရှိနိုင်မည့် အခြေအနေ ဖြစ်ပေါ်လျက်ရှိသည်။

“မိုးခေါင်တော့ နွားစာနဲ့သောက်ရေပါ ခက်ကုန်တယ်။ မိုးခေါင်တဲ့ဒဏ်ကြောင့် နှမ်းကတော့ မရနိုင်တော့ဘူး။ ပဲကတော့ ဒီရက်ပိုင်း မိုးရွာမှ ဥကိုမျှော်လို့ရမယ်။ မရွာရင်လည်း အပင်တွေက နွားစာပေါ့ဗျာ။ ဘယ်တတ်နိုင်မလဲ” ဟု ထုံးပေါက် တောကျေးရွာ ဒေသခံတစ်ဦးဖြစ်သူ ဦးမျိုးညွန့်က ပြောသည်။ 

မကွေးမြို့နယ်မှ ကျေးရွာ(၁၇)ရွာနှင့် မင်းဘူးမြို့နယ်မှ ကျေးရွာပေါင်း(၁၃)ရွာတို့တွင် တောင်သူ(၆၀ဝ)က GAP ကောင်းမွန်သော စိုက်ပျိုးအလေ့အကျင့်ကောင်းများဖြင့် နှမ်းဧက ၁၅၀ဝ စိုက်ပျိုးလျက်ရှိပြီး ယင်းတို့ထဲမှ စိုက်ဧက(၃၀ဝ)ကျော်တွင် တစ်ဧကချင်း၌ ၈၀ ရာခိုင်နှုန်းခန့် ပျက်စီးဆုံးရှုံးခဲ့ကြောင်း၊ GAP နှမ်းများကို ဂျပန်နိုင်ငံနှင့် ပြည်ပနိုင်ငံများသို့ ၂၀၁၇ ခုနှစ်၌ တန် ၇၀၊ ၂၀၁၈ ခုနှစ်၌ ၈၈ တန် တင်ပို့မှုများရှိခဲ့ကြောင်း သိရသည်။

ဇေယျတု(မကွေး)