ပွင့်ဖြူ ၂၅ ဇွန်
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ပွင့်ဖြူမြို့နယ် ကံဆွယ်ကျေးရွာတွင် ကျေးလက်နေပြည်သူများ လယ်ယာထွက်ကုန်သီးနှံများအား ဈေးကွက်သို့ ကုန်ကျစရိတ်သက်သာစွာဖြင့် ရာသီမရွေး အချိန်မီတင်ပို့ ရောင်းချနိုင်ရေးအတွက် ကုန်ထုတ်တံတားတည်ဆောက်ပြီးစီးမှုအား ဇွန် ၂၅ ရက် နံနက် ၉ နာရီက မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို နှင့် အဖွဲ့ဝင်များမှ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း အဆိုပါဦးစီးဌာနမှ သိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ မကွေးတိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးဝင်းမော်ဌေး တို့မှ ကျေးရွာကော်မတီဝင်များနှင့်အတူ ကံဆွယ်ကျေးရွာတွင် ကုန်ထုတ်တံတား တည်ဆောက်ပြီးစီးမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးရာ မကွေးတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှုး ဦးမျိုးအောင်က တံတားဆိုင်ရာ အချက်အလက်များအား ရှင်းလင်းတင်ပြခဲ့သည်။
“ဒီတံတားကြီးက ကံဆွယ်ကျေးရွာနှင့် အနီးဝန်းကျင်ကျေးရွာ ၂ ရွာတို့က ပြည်သူတွေ နေ့စဉ် ဖြတ်သန်းသွားလာနေရတာ ဖြစ်ပါတယ်။ အရင်သစ်သားတံတားကြီးကလည်း ကိုယ့်အားကိုယ်ကိုး တည်ဆောက်ထားတာ နှစ်တွေ ကြာတော့တိုင်တွေ၊ အခင်းတွေဆွေးလာတော့ နှစ်စဉ် ပြင်နေရတာ အခုလို ကွန်ကရစ်တံတားကြီး တည်ဆောက်ပေးနိုင်တော့ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနကို ဒေသခံပြည်သူတွေကိုယ်စား အထူးကျေးဇူးတင်ပါတယ်”ဟု ရပ်မိ ရပ်ဖတစ်ဦးက ပြောသည်။
အဆိုပါကုန်ထုတ်တံတားမှာ အရှည်ပေ ၆ဝ၊ အကျယ် ၁၄ ပေ၊ အမြင့် ၁၅ ပေ ရှိ သံကူကွန်ကရစ်တံတား တည်ဆောက်ခြင်းလုပ်ငန်းအား ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခွင့်ပြုရန်ပုံငွေကျပ် ၈၈ သန်းဖြင့် တင်ဒါအောင်မြင်သော Top Lucky Brother ကုမ္ပဏီမှ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ယခုအခါတွင် လုပ်ငန်းများ ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးပြီဖြစ်လို့ အဲ့ဒီကျေးရွာနှင့်အနီးတစ်ဝိုက်ရှိ လယ်ဧက ၆၀ဝ ကျော်အား အကျိုးပြုသွားမည်ဖြစ်ပါကြောင်း ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်က ပြောပြ၍ သိရသည်။
သူရိန်(မင်းဘူး)


