မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီးနှင့် မင်းလှမြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ တွေ့ဆုံ

 

အထက်မင်းလှ ဩဂုတ် ၃

မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်သည် မင်းလှမြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များ၊ လူမှုရေးအသင်းအဖွဲ့များအား တွေ့ဆုံပွဲ အခမ်းအနားကို ဩဂုတ် ၂ ရက် ညနေ ၅ နာရီခွဲက မင်းလှမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန  အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ တွေ့ဆုံပွဲတွင် လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်က ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းများ၊ ရောဂါကူးစက်ပြန့်ပွားမှု လျော့နည်းစေရေး မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၊ မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာများ ပူးပေါင်းဆောင်ရွက်ကြရေး၊ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုလျော့နည်းရေး၊ ရောဂါကူးစက်ခံရသူများ သက်သာပျောက်ကင်းစေရေး၊ သေဆုံးမှုမရှိစေရေးအတွက် ပြည်သူများ ပူးပေါင်းပါဝင်ကြရေး ဆွေးနွေးပြောကြားခဲ့ပြီး သရက်ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်မျိုးလတ်က သရက်ခရိုင်အတွင်းရှိ မြို့နယ်များတွင် ကိုဗစ်-၁၉ လူနာ‌ စစ်ဆေးတွေ့ရှိမှု အခြေအနေများနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ် ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ရေးလုပ်ငန်းစဉ်များအား ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးသန်းထွန်းအောင်က ကိုဗစ်-၁၉ ပိုးစစ်‌ဆေးပေး‌နေမှုများ၊ positive Centre များတွင် ထားရှိမှု အခြေအနေများ၊ အောက်ဆီဂျင်ပေးရန် လိုအပ်သည့် လူနာများ၏ အခြေအနေများနှင့် အောက်ဆီဂျင်ရရှိရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ တပ်ရင်းတပ်ဖွဲ့များ၊ အပမာဒနာရေး ကူညီမှုအသင်း၊ မုဒိတာပရဟိတအသင်းတို့မှ အောက်ဆီဂျင်စက်ရုံများနှင့် ချိတ်ဆက်ဖြည့်ဆည်းနေမှုများအား ရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက်  မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာစန်းစန်းမိုးက ကိုဗစ်-၁၉ ရောဂါသံသယလူနာများ၊ positive လူနာများနှင့် ထိစပ်သူများအား RDT Test Kit ဖြင့် စစ်ဆေးပြီး ရောဂါပိုးတွေ့သည့် အခြေအနေများ၊ positive လူနာများအား ဆေးကုသ‌ပေးနေမှုများအား ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်က မုဒိတာပရဟိတအသင်းအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုရန်အတွက် PPE ဝတ်စုံများ၊ နှာခေါင်းစည်း Mask များ၊ Hand gel များနှင့် လက်အိတ်များ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ဇာဇာ(အထက်မင်းလှ)