ပွင့်ဖြူ ၂၉ အောက်တိုဘာ
မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို သည် တိုင်းဒေသကြီး အလုပ်သမားရေးရာဝန်ကြီး ဦးမြင့်ဆွေ လိုက်ပါ၍ အောက်တိုဘာ ၂၉ ရက်၊ ယနေ့နံနက် ၉ နာရီ ၄၀ မိနစ်အချိန်က ပွင့်ဖြူမြို့၊ သက်တော်ရှည်ရပ်ကွက်သို့ လာရောက်ပြီး ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ကြိုတင်ဆန္ဒမဲ လာရောက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကြိုတင်ဆန္ဒမဲ လာရောက်ပေးရာတွင် ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုနှင့် အဖွဲ့အား မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးအောင်စန်းမြင့်နှင့် အဖွဲ့ဝင်များ၊ ပွင့်ဖြူမြို့၊ သက်တော်ရှည် ရပ်ကွက်ရှိ မဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များက ကိုဗစ် - ၁၉ ရောဂါ မဖြစ်ပွားစေရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားရှိသော ကျန်းမာရေး ညွှန်ကြားချက်များနှင့် အညီ စနစ်တကျ မဲပေးနိုင်ရေး လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ဝန်ကြီးချုပ်နှင့် အဖွဲ့သည် နံနက် ၁၀ နာရီအချိန်တွင် ပွင့်ဖြူမြို့နယ်အတွင်းရှိ သစ်ပုတီးကုန်းကျေးရွာ၊ ထန်းအိုင်ကျေးရွာ၊ အင်းနက်ကျေးရွာများရှိ သက်ကြီးဘိုးဘွားများအား ပူဇော်ကန်တော့ရန် ထွက်ခွာသွားကြောင်း သိရသည်။
ရဲဝင်းနိုင် (ပြန်/ဆက်)


