မကွေး အောက်တိုဘာ ၂၇
မကွေးတိုင်းဒေသကြီးအတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ၏ ထုတ်ကုန်ပစ္စည်းများ ပြသနိုင်ရေး (ဒုတိယအကြိမ်) လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၂ နာရီက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်ကျော်လင်း တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် တိုင်းဒေသကြီးအသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ၏ ထုတ်ကုန်ပစ္စည်းများပြသနိုင်ရေး ကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်က အဖွင့်အမှာစကား ပြောကြားရာတွင် မိမိတို့တိုင်းဒေသကြီး အတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ အောင်မြင်စွာ လည်ပတ်နိုင်ရေးနှင့် ဒေသထွက်ကုန်များအား ပိုမိုဖြန့်ဖြူးရောင်းချခြင်းဖြင့် ဒေသခံပြည်သူများ၏ စီးပွားရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုး တိုးတက်လာစေရန်အတွက် တိုင်းဒေသကြီးအတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ၏ ထုတ်ကုန်ပစ္စည်းများ ပြသပွဲအား ကျင်းပဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ထုတ်ကုန်ပြပွဲတွင် ပြခန်းပေါင်း (၈၀) ခန့်ဖြင့် ပြသသွားမည်ဖြစ်ပြီး အောင်မြင်စွာ ပြသနိုင်ရေးအတွက် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် စီးပွားရေးလုပ်ငန်းရှင်များအားလုံး ဝိုန်းဝန်းပူးပေါင်း ဆောင်ရွက်ကြရမည်ဖြစ်ကြောင်းနှင့် နိုင်ငံတော်အစိုးရအနေဖြင့်လည်း နိုင်ငံအတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ၏ ဖွံ့ဖြိုးတိုးတက်မှုအတွက် ကူညီအားပေး ဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်လင်းက တိုင်းဒေသကြီး အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ၏ ထုတ်ကုန်ပစ္စည်းများ အောင်မြင်စွာ ပြသနိုင်ရေးနိုင်ရေးနှင့်ပတ်သက်၍ ဖြည့်စွက်ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရသည်။
ထို့နောက် တိုင်းဒေသကြီး အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ၏ ထုတ်ကုန်ပစ္စည်းများ ပြသနိုင်ရေး ကော်မတီတွဲဘက် အတွင်းရေးမှူး၊ တိုင်းဒေသကြီး စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးဇော်ထွန်းအောင်က အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ၏ ထုတ်ကုန်များ ပြသနိုင်ရေးအတွက် ဆပ်ကော်မတီအလိုက် သုံးစွဲမည့် ခန့်မှန်း ကုန်ကျစရိတ်များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ယင်းနောက် အစည်းအဝေး တက်ရောက်လာကြသူများက တိုင်းဒေသကြီး အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ၏ ထုတ်ကုန်ပစ္စည်းများ အောင်မြင်စွာ ပြသနိုင်ရေး လုပ်ငန်းစဉ်များအား ဝိုင်းဝန်းအကြံပြု ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ကိုစည်သူ(မကွေး)