မကွေး ဇွန် ၂၇

သမဝါယမနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ဇွန် ၂၆ ရက် နံနက် နာရီခွဲက လူသုံးကုန်ထုတ်လုပ်မှုနည်းပညာ သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပရာ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးတင့်လွင် တက်ရောက်၍ အမှာစကားပြောကြားကာ သင်တန်းဆင်း လက်မှတ်များ ချီးမြှင့်ပေးအပ်ခဲ့သည်။

အခမ်းအနားတွင် မကွေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးတင့်လွင်က အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနအနေဖြင့် ဒေသအတွင်း ဖွံ့ဖြိုးတိုးတက်စေရန်အတွက် နှစ်စဉ်  အသက်မွေးဝမ်းကျောင်းပညာ ကာလတိုသင်တန်းများ၊ နည်းပညာဖြန့်ဖြူးပေးခြင်း သင်တန်းများ၊ အသေးစား စက်မှုလက်မှုလုပ်ငန်းငယ်များကို လုပ်ငန်းမှတ်ပုံတင်ပေးခြင်း၊ Innovation လုပ်ငန်းများ၊ သုတေသနဓာတ်ခွဲစမ်းသပ်ခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ ဒေသတွင်းပြည်သူလူထုအနေဖြင့် သင်ကြားပို့ချပေးသည့် သင်တန်းများကို တက်ရောက်ပြီး အသိပညာ၊ အတတ်ပညာများ ရရှိစေရန်၊ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန်၊ မိသားစုတစ်ပိုင်တစ်နိုင် ဝင်ငွေရရှိစေရန် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ထူထောင်နိုင်ပြီး အသေးစားစက်မှုလက်မှု လုပ်ငန်းရှင်ငယ်များ ပေါ်ထွက်လာစေရန်အတွက် ဌာနအနေဖြင့် ရည်ရွယ်ဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်း၊ ယခု လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းကို တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီကနေ ခွင့်ပြုပေးသည့် ရန်ပုံငွေဖြင့် အခမဲ့ ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ကြောင်း၊ သင်တန်းသားများအနေဖြင့် သင်ကြားပို့ချပေးလိုက်သည့် နည်းပညာများနှင့် မိမိကိုယ်ရည်ကိုယ်သွေး အကြံဉာဏ်များကို အသုံးချပြီး မိသားစုဘ၀ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အသက်မွေ းဝမ်းကျောင်းလုပ်ငန်းငယ်များ ထူထောင်လုပ်ကိုင် ဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့သည်။

ဆက်လက်၍ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန တိုင်းဒေသကြီးဦးစီမှူးက သင်တန်းသား/ သင်တန်းသူများအား သင်တန်းဆင်းအမှာစကား ပြောကြားကာ၊ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးတင့်လွင်၊ အဖွဲ့ဝင် ဦးစိုးပိုင်မြင့်နှင့် တာဝန်ရှိသူတို့က သင်တန်းဆင်းလက်မှတ်များ ချီးမြှင့်ပေးအပ်ခဲ့ပြီး သင်တန်းသူတစ်ဦးက ကျေးဇူတင်ဝမ်းမြောက်စကား ပြောကြားခဲ့သည်။

သင်တန်းဆင်းပွဲအပြီးတွင် တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌနှင့် အဖွဲ့သည် တိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန သင်တန်းခန်းမအတွင်း သင်တန်းဖွင့်လှစ် ပို့ချစဉ် အသုံးပြုဆောင်ရွက်ခဲ့သည့် စက်ပစ္စည်းများ၊ သင်တန်းထွက်ကုန်ချောပစ္စည်းများနှင့် သင်တန်းတွင် အသုံးပြုသည့် သုတေသနဓါတ်ခွဲစမ်းသပ်ခန်းတို့အား လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။

မောင်ညီညာ(မကွေး)