မကွေး ၁၉ ဖေဖော်ဝါရီ

 

မကွေးတိုင်းဒေသကြီး Coronavirus Disease 2019 (COVID-19) လတ်တလော အသက်ရှူလမ်း ကြောင်း ဆိုင်ရာရောဂါ စောင့်ကြပ်ကြည့်ရှုရေး၊ ရောဂါကာကွယ်ရေးနှင့် ကုသရေးလုပ်ငန်းများ အသိပေး ရှင်းလင်းပွဲကို ဖေဖော်ဝါရီလ ၁၈ ရက် နံနက် ၉ နာရီက တိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာခင်မောင်အေးက မကွေး တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် Coronavirus Disease 2019 (COVID-19) လတ်တလော အသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါစောင့်ကြပ်ကြည့်ရှုရေး၊ ရောဂါကာကွယ်ရေး၊ ကုသရေး လုပ်ငန်းများနှင့် ပတ်သက်၍ ကြီးကြပ်မှု ကော်မတီကို ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလတွင်ဖွဲ့စည်းခဲ့ပြီး၊ လုပ်ငန်းကော်မတီကိုလည်း သက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များဖြင့် ပါဝင်ဖွဲ့စည်းကာ ထိရောက်သည့် လုပ်ငန်း ဆောင်ရွက်ချက်များ ဆောင်ရွက်လျက်ရှိကြောင်း အမှာစကား ပြောကြားသည်။

 

3.

 

ဆက်လက်၍ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ဝူဟန်မြို့၌ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလတွင် စတင်ဖြစ်ပွား ခဲ့သော Coronavirus Disease 2019 (COVID-19) လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ သည် ယခုအချိန်တွင် ကမ္ဘာ့နိုင်ငံအချို့၌ ကူးစက်ပျံ့နှံ့လျက်ရှိပြီး (၁၆-၂-၂၀၂၀)ရက်နေ့ ရရှိသော ကမ္ဘာ့ ကျန်းမာရေးအဖွဲ့၏ သတင်းအချက်အလက်များအရ ဓါတ်ခွဲအတည်ပြု ရောဂါဖြစ်ပွားသူ တရုတ်ပြည်သူ့ သမ္မတနိုင်ငံတွင်(၅၁၁၇၄)ဦး၊ ဂျပန်နိုင်ငံတွင်(၅၃)ဦး၊ ဖိလစ်ပိုင်နိုင်ငံတွင်(၃)ဦး၊ ကိုရီးယားနိုင်ငံတွင် (၂၉)ဦး၊ ဗီယက်နမ်နိုင်ငံတွင်(၁၆)ဦး၊ စင်ကာပူနိုင်ငံတွင်(၇၂)ဦး၊ ထိုင်းနိုင်ငံတွင် (၃၄)ဦး၊ အမေရိကန်ပြည်ထောင်စုတွင် (၂) ဦး၊ ပြင်သစ်နိုင်ငံတွင်(၃)ဦး၊ နိပေါနိုင်ငံတွင် (၁)ဦး၊ မလေးရှားနိုင်ငံတွင် (၃)ဦး နှင့် သြစတြေးလျနိုင်ငံတွင် (၄)ဦး၊ ကမ္ဘောဒီးယားနိုင်ငံတွင်(၁)ဦးတို့ရှိပြီး ကမ္ဘာတစ်ဝန်း နိုင်ငံပေါင်း(၂၆)နိုင်ငံတွင်ဖြစ်ပွားလျက်ရှိပြီး ဓါတ်ခွဲ အတည်ပြုရောဂါစစ်ဆေးသူ စုစုပေါင်း (၅၁၈၅၇) ဦး ဖြစ်ပွားလျက် ရှိနေပြီဖြစ်ကြောင်း၊ ရောဂါဖြစ်ပွားသူများအကြား ဓါတ်ခွဲအတည်ပြု သေဆုံးသူ (၁၆၆၆)ဦး ရှိကြောင်း၊ သက်ဆိုင်ရာ ကော်မတီများ၏ ကြီးကြပ် လမ်းညွှန်မှုနှင့်အညီ တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်ကျန်းမာရေး ဌာန/ဌာနခွဲများမှ ဝန်ထမ်းများက ကျန်းမာရေး အသိပေးခြင်း ၊ကျန်းမာရေးစစ်ဆေးခြင်း၊ အသိပညာပေးလက်ကမ်း စာစောင်များ ဖြန့်ဝေခြင်းများ ဆောင်ရွက်လျက် ရှိကြောင်း၊

 

သံသယလူနာတွေ့ရှိပါက တုံ့ပြန်ဆောင်ရွက်ရမည့် စံလုပ်ထုံးလုပ်နည်းများနှင့်အညီ သတ်မှတ်ဆေးရုံသို့ လွှဲပြောင်းပေးပို့နိုင်ရေး၊ သီးသန့်လူနာခန်းတွင် ရောဂါစစ်ဆေးအတည်ပြုခြင်းနှင့် ကုသရေးလုပ်ငန်းများ အချိန်မှီဆောင်ရွက်နိုင်ရေးအတွက် မကွေးတိုင်းဒေသကြီးတွင် ခုတင်(၂၀ဝ) ဆေးရုံ(၄)ရုံ၊ မြို့နယ်နှင့် တိုက်နယ် ဆေးရုံများတွင် ကြိုတင်ပြင်ဆင်ထားပြီးဖြစ်ကြောင်း၊ မကွေးတိုင်းဒေသ ကြီးအတွင်း Coronavirus Disease 2019 (COVID-19)အပါအဝင် ကူးစက်ရောဂါအားလုံး၏ အန္တရာယ်များ ကင်းဝေး နိုင်စေရေးအတွက် လက်ဆေးခြင်း၊ တစ်ကိုယ်ရေသန့်ရှင်းရေး ဂရုစိုက်ခြင်း၊အာဟာရမျှတသည့် အစားအသောက်များ စားသုံးခြင်းစသည့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်ထားသည့် အမူအကျင့်များ ကို ပြည်သူအားလုံး လိုက်နာကျင့်သုံးနိုင်စေရန် အားလုံးဝိုင်းဝန်းကြိုးပမ်းရန် လိုအပ်ကြောင်း တိုင်းဒေသကြီး ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသောင်းလှိုင်က ရှင်းလင်း ပြောကြားသည်။

 

424

 

ထို့နောက် Coronavirus Disease 2019 (COVID-19)ရောဂါပိုးနှင့် ပတ်သက်၍ ရောဂါကာကွယ်ရေး နှင့် ကုသရေးလုပ်ငန်းများအကြောင်းကို အထူးကုဆရာဝန်ကြီး ဒေါက်တာဇော်လှိုင်တိုးက ရှင်းလင်း တင်ပြကာ၊ တက်ရောက်လာကြသူများမှ သိရှိလိုမှုများကို မေးမြန်းခြင်းနှင့်ကျန်းမာရေးဌာန တာဝန်ရှိသူများ ပြန်လည်ဖြေကြားခြင်းတို့ ဆောင်ရွက်ပြီး တက်ရောက်လာကြသူများအားလုံး အတူတကွ လက်ဆေးခြင်း ဆောင်ရွက်ခဲ့ကြသည်။

 

အဆိုပါ အခမ်းအနားတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ တိုင်းဒေသကြီး ကုသရေးနှင့်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနသို့ Coronavirus Disease 2019 ရောဂါအတွက် အရေးပေါ် ဆေးဝါးဝယ်ယူရန် ငွေကျပ် (၄၂၉၈၇၅၀ဝ)လေးရာနှစ်ဆယ့်ကိုးသိန်းရှစ်သောင်း ခုနှစ်ထောင့်ငါးရာကျပ်ကို ပေးအပ်ခဲ့ပြီး ဝင်းရတနာပုံကုမ္ပဏီနှင့် ဘားနက် NGO အဖွဲ့မှ ဆေးနှင့်ဆေးရုံသုံးပစ္စည်းများ လှူဒါန်းခဲ့ကြောင်း သိရှိရသည်။

 

သန်းနိုင်ဦး(ငဖဲ)

 

963