နတ်မောက် ၁ သြဂုတ်
မကွေးတိုင်းဒေသကြီး ဒေသဖွံ့ဖြိုးရေးရန်ပုံငွေမှ နတ်မောက်မြို့နယ်အတွင်းရှိ ကျေးရွာများသို့ ထောက်ပံ့ငွေများ ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် မကွေးတိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဒေါက်တာခင်မောင်အေးက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး၊ မကွေးတိုင်းဒေသကြီး ဒေသဖွံ့ဖြိုးရေးရန်ပုံငွေမှ ဝက်ချုပ်ကျေးရွာ ရေပေးဝေရေး လုပ်ငန်း ရေစင်တည်ဆောက်ခြင်း လုပ်ငန်းအတွက် (ခုနှစ်ဆယ့်ကိုးသိန်း ရှစ်သောင်းကျပ်)ကို တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသောင်းရွှေက ကျေးရွာကော်မတီထံသို့ ပေးအပ်ခဲ့သည်။ ဆက်လက်၍ ဂွေးကုန်းကျေးရွာအုပ်စု ဂွေးကုန်းကျေးရွာအခြေခံ ပညာအလယ်တန်းကျောင်း ကျောင်းဆောင်အမိုးနှင့် မျက်နှာကျက်ပြုပြင်နိုင်ရန်အတွက် ဖွံ့ဖြိုးရေးရန်ပုံငွေမှ (ခြောက်ဆယ့်ကိုးသိန်း) ကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်တင်လင်းက လည်းကောင်း၊ ဝက်ချုပ်ကျေးရွာ ဘုန်းတော်ကြီးသင် စာသင်ကျောင်း ပြင်ဆင် ဆောက်လုပ်ရန်အတွက် (တစ်ရာကိုးဆယ့် ငါးသိန်း ငါးသောင်းကျပ်တိတိ) ကို လူမှုရေးဝန်ကြီးဒေါက်တာ ခင်မောင်အေးက လည်းကောင်း အသီးသီး ထောက်ပံ့ပေးအပ်ခဲ့သည်။
အခမ်းအနားသို့ လူမှုရေးဝန်ကြီး ဒေါက်တာခင်မောင်အေး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်တင်လင်း၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသောင်းရွှေနှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ကျေးရွာကော်မတီများ တက်ရောက်ခဲ့ကြောင်း သိရသည်။
သင်းသင်းဝေ