နေပြည်တော်၊ မတ် ၂၅
အကြမ်းဖက်အဖွဲ့အစည်းများဖြစ်သည့် NUG ၊ CRPH နှင့် PDF အမည်ခံ အကြမ်းဖက်သမားများသည် အချို့မြို့ကြီးများ၌ အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်လျက်ရှိသည့်အပြင် လက်နက်/ခဲယမ်းများနှင့် ဆက်စပ်ပစ္စည်းများအား ဘာသာရေးဆိုင်ရာ အဆောက်အဦများ၊ စာသင်ကျောင်းများ၊ အများပြည်သူနှင့် သက်ဆိုင်သော နေရာများ၌ သိုဝှက်သိမ်းဆည်းခြင်းများ လုပ်ဆောင်လျက်ရှိသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ အနေဖြင့် ရှာဖွေဖော်ထုတ် သိမ်းဆည်းခြင်းများအပါအဝင် လုံခြုံရေးလုပ်ငန်းများကို ဆောင်ရွက်လျက် ရှိသည်။
ထိုသို့ ရှာဖွေဖော်ထုတ် ဆောင်ရွက်လျက်ရှိစဉ် အကြမ်းဖက်မှုများကို မလိုလားသည့် ပြည်သူများ၏ သတင်းပေးပို့ချက်အရ မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များက မတ် ၂၂ ရက် နံနက်ပိုင်းတွင် နှမ်းခါးကျေးရွာအနီး ရှာဖွေဖော်ထုတ်ခြင်းများ ဆောင်ရွက်ခဲ့ရာ အဆိုပါကျေးရွာအဝင်ရှိ “စိုးမိုးသူ” ဆန်စက်နှင့် အခြေခံပညာ အထက်တန်းကျောင်း (နှမ်းခါး) တို့အတွင်း ဝင်ရောက်ရှာဖွေရာ အကြမ်းဖက်သမားများသိုဝှက် သိမ်းဆည်းထားသည့် လက်လုပ် ခါးချိုးသေနတ် တစ်လက်၊ လက်လုပ်စိန်ပြောင်း တစ်လက်၊ လက်လုပ်မိုင်း နှစ်လုံး၊ ကျည်မျိုးစုံ ၁၂ တောင့်နှင့် ဒေသခံပြည်သူများထံမှ အတင်းအဓမ္မ ကောက်ခံသိမ်းယူထားသည့် ဆန် ၁၃၀ အိတ်၊ စပါး ၁၄၀၀ တင်း၊ နေကြာ ၂၀ တင်း၊ ဆန်ကွဲ ၃၅ တင်း၊ ဖွဲ ၂၅၀ အိတ်နှင့် စားသောက်ကုန်ပစ္စည်းများအား တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။
အဆိုပါ သိမ်းဆည်းရမိခဲ့သည့် လက်နက်/ခဲယမ်းများအား သက်ဆိုင်ရာသို့ ပို့ဆောင်၍ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး သိမ်းဆည်းရမိခဲ့သည့် ဆန်၊ စပါး အပါအဝင် စားသောက်ကုန်ပစ္စည်းများအား ဒေသခံ ပြည်သူများထံသို့ ပြန်လည်ဖြန့်ဝေပေးသွားမည် ဖြစ်ကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် နယ်မြေဒေသ တည်ငြိမ်အေးချမ်းရေးအတွက် လိုအပ်သည့် လုံခြုံရေး လုပ်ငန်းများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်