မကွေး စက်တင်ဘာ ၃၀
မကွေးတိုင်းဒေသကြီး Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၃၃/၂၀၂၁) ကို စက်တင်ဘာ ၃၀ ရက် နံနက်ပိုင်းက မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင် တက်ရောက်၍ လမ်းညွှန်အမှာစကား ပြောကြားသည်။
ရှေးဦးစွာ တိုင်းဒေသကြီး ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ ဥက္ကဋ္ဌ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်က “ကိုဗစ်-၁၉ ရောဂါကူးစက် ပြန့်ပွားမှု အခြေအနေမှာ တစ်နေ့ထက်တစ်နေ့ လျော့နည်းလာကြောင်း၊ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်မှု လုံးဝ ပပျောက်သည်အထိ ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ ခရိုင်/မြို့နယ် ကိုဗစ်-၁၉ ကော်မတီများအနေဖြင့် အရှိန်မပျက် ဆက်လက်ဆောင်ရွက်ကြရန် လိုအပ်ကြောင်းနှင့် အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေး အတွက် အထက်တန်း၊ အလယ်တန်းအဆင့် ကျောင်းသူ ကျောင်းသားများကို ကာကွယ်ဆေး ထိုးနှံနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း” ပြောကြားသည်။
ထို့နောက် သက်ဆိုင်ရာ ခရိုင်များအလိုက် တာဝန်ပေးအပ်ထားသည့် ကော်မတီဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက ခရိုင်/ မြို့နယ်များတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု အခြေအနေများ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် နေ့စဉ်လုပ်ငန်း ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ အသိပညာပေးလုပ်ငန်း ဆောင်ရွက်မှုအခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြ ဆွေးနွေးကြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုလျှော့ချရေး လုပ်ငန်းစဉ်များ ဆက်လက်ပြီး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန်နှင့် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ဗဟိုကော်မတီ၏ လမ်းညွှန်ချက်များအား အချိန်နှင့်တစ်ပြေးညီ လိုက်နာဆောင်ရွက်သွားကြရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)