မကွေး အောက်တိုဘာ ၂၉
မကွေးတိုင်းဒေသကြီး Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ နေ့စဉ်လုပ်ငန်းညှိနှိုင်းအမှတ်စဉ် (၃၈/၂၀၂၁) အစည်းအဝေးကို ယနေ့နံနက် ၉ နာရီက မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ရာ မကွေတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင် တက်ရောက်ခဲ့ကြောင်း သိရသည်။
အခမ်းအနားအတွင် တိုင်းဒေသကြီး ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဌ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်က အမှာစကား ပြောကြားရာတွင် တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှုအနေဖြင့် သိသိသာ လျော့နည်းကျဆင်းလာသည်ကို တွေ့ရှိရပါကြောင်း၊ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးပေးမှု လုပ်ငန်းများကိုလည်း အရှိန်အဟုန်မြှင့် ဆက်လက်စည်းရုံးကာ ထိုးနှံပေးဖို့ လိုအပ်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါကူးစက်မှုနှုန်း လျော့နည်းလာပြီဖြစ်သော်လည်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များကိုလည်း လိုက်နာကြရန် လိုအပ်ကြောင်းနှင့် နိုဝင်ဘာ ၁ ရက်မှ စတင်၍ အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်သွားမည်ဖြစ်ရာ ကျောင်းသား/ကျောင်းသူများ ကိုဗစ်-၁၉ ရောဂါကင်းရှင်းစွာဖြင့် ပညာသင်ကြားနိုင်ရေးအတွက် တိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာ ကျောင်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနည်းလမ်းများနှင့်အညီ ဖွင့်လှစ်နိုင်ရေး တာဝန်ရှိသူများအနေဖြင့် ဆောင်ရွက်ကြရန်လိုကြောင်း ပြောကြားသည်။
ယင်းနောက် သက်ဆိုင်ရာခရိုင်များအလိုက် တာဝန်ပေးအပ်ထားသည့် ကော်မတီဝင်များက ခရိုင်/မြို့နယ်များတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုအခြေအနေများ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် နေ့စဉ် လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေများကို လည်းကောင်း ရှင်းလင်းတင်ပြဆွေးနွေးခဲ့ကြပြီး တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးမှူးက တိုင်းဒေသကြီးအတွင်းရှိ ခရိုင်/မြို့နယ်များအလိုက် ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးများ ထိုးနှံပေးမှု အခြေအနေများနှင့် ထိုးနှံပြီးစီးမှုအခြေအနေများ၊ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုများသော မြို့နယ်များတွင် RDT Test Kit များဖြင့် ကိုဗစ်-၁၉ ရောဂါ စစ်ဆေးမှုအခြေအနေများနှင့် ဆက်လက်စစ်ဆေးသွားမည့် အခြေအနေများကိုလည်းကောင်း၊ တိုင်းဒေသကြီး ပညာရေးမှူးက တိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်ရာတွင် ကျောင်းသား/ကျောင်းသူများ လုံခြုံဘေးကင်းစွာ ပညာသင်ကြားနိုင်ရေးအတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနည်းလမ်းများနှင့်အညီ ပြန်လည်ဖွင့်လှစ်နိုင်ရေး စီမံဆောင်ရွက်ထားရှိမှု အခြေအနေများအား လည်းကောင်း၊ တိုင်းဒေသကြီး ပြန်/ဆက်ဦးစီးမှူးက ပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံရေးနှင့် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံမှုများအား ပြည်သူများ သိရှိနိုင်ရေးအတွက် အသိပညာပေး လှုံ့ဆော် ဆောင်ရွက်ထားရှိမှုများကိုလည်းကောင်း၊ ဌာနဆိုင်ရာများက ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ လုပ်ငန်းဆောင်ရွက်နိုင်မှု အခြေအနေများကို ရှင်းလင်းတင်ပြ ဆွေးနွေးခဲ့ကြပြီး တိုင်းဒေသကြီး ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီး ဝန်ကြီးချုပ်က တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကာ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုလျော့ချရေး လုပ်ငန်းစဉ်များ ဆက်လက်ပြီး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရန်နှင့် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ဗဟိုကော်မတီ၏ လမ်းညွှန်ချက်များအား အချိန်နှင့်တစ်ပြေးညီ လိုက်နာဆောင်ရွက်သွားကြရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ကိုစည်သူ(မကွေး)


