မင်းဘူး ဧပြီ ၃

 

မကွေးတိုင်းဒေသကြီး မင်းဘူးမြို့ရှိ သာသနာ့ဗိမာန် တော်ကြီးအတွင်း၌ အပူဒဏ်အန္တရာယ် ကြိုတင်ကာကွယ်ရေး အတွက် အပူရှောင်စခန်းဖွင့်လှစ်ထားရှိမှု အခြေအနေများကို မကွေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်ဌေးနှင့်အတူ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် တာဝန်ရှိသူများက နံနက် ၁၁ နာရီက အဆိုပါ ဗိမာန်၌ သွားရောက်ကြည့်ရှုအားပေးသည်။

 

ဦးစွာ မကွေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်ဌေးနှင့် တာဝန်ရှိသူများသည် သာသနာ့ဗိမာန်တော် ကြီးအတွင်း၌ အပူရှောင်စခန်း ဖွင့်လှစ်ထားရှိမှုနှင့် အပူရှောင်စဉ်ကာလ သက်ကြီး ဘိုးဘွားများနားခိုနိုင်စေရန် နားနေခန်း၊ TV ကြည့်ခန်း၊ စားသောက်ခန်းနှင့် အုပ်ချုပ်ထောက်ပံ့မှုဆိုင်ရာကိစ္စရပ်များ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု၊ အပူဒဏ် ကြောင့် အပူရှောင်သက်ကြီးဘိုးဘွားများအား မလိုလားအပ်သော အကျိုးဆက်များမဖြစ်ပေါ်စေရန် တိုင်းရင်းဆေး ပညာဦးစီးဌာနနှင့် ခရိုင်ပြည်သူ့ဆေးရုံကြီးမှ ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးနေမှု၊ အပူရှောင်စခန်းသို့ လာရောက် ကြသူများ သုတရသစာအုပ်စာပေများနှင့် နေ့စဉ်ထုတ် သတင်းစာများ ဖတ်ရှုလေ့လာနိုင်စေရန် ပြန်ကြားရေး နှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာအုပ်စာစောင်များ ပြင်ဆင်ဆောင်ရွက်ထားရှိမှုများနှင့် အပူရှောင်စခန်းရှိ သက်ကြီး ဘိုးဘွားများအား နေ့လယ်စာဖြင့် ဧည့်ခံကျွေးမွေးပေးနေမှု စသည့် အခြေအနေများကို လှည့်လည်ကြည့်ရှုပြီး ဘိုးဘွားများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများ ပြောကြားသည်။

 

ဆက်လက်ပြီး အပူရှောင်စခန်းများအတွက် အလှူရှင်များက လှူဒါန်းပေးပို့ထားသော ရေသန့်၊ အချိုရည်၊ ဓာတ်ဆားနှင့် တစ်ကိုယ်ရေသုံးပစ္စည်း များကို မကွေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်ဌေးနှင့် တာဝန်ရှိသူများက သက်ကြီးဘိုးဘွားများအား လှူဒါန်းပေးအပ်ပြီး အပူရှောင်စခန်းများ ဖွင့်လှစ်ရာ၌ အထောက်အကူပြုစေရန် မကွေးတိုင်း ဒေသကြီး လွှတ်တော်ဥက္ကဋ္ဌနှင့် လွှတ်တော်ကိုယ်စားလှယ်များက စုပေါင်းလှူဒါန်းသော အလှူငွေကျပ် ၂၅ သိန်းကို အပူရှောင်စခန်း ဖွင့်လှစ်နိုင်ရေး လုပ်ငန်းကြီးကြပ်မှုကော်မတီထံ လှူဒါန်းပေးအပ်သည်။

 

မင်းဘူးမြို့သည် ယခုရက်ပိုင်း ကမ္ဘာ့အပူဆုံး မြို့များ စာရင်းတွင် ဝင်ရောက်နေသည့်အတွက် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်အရ မိမိတို့ နေအိမ်များ၌နေထိုင်ရန်ခက်ခဲပြီး အပူဒဏ်ကို တိမ်းရှောင်ရန်လိုအပ်မည့်သူများနှင့် သက်ကြီး ဘိုးဘွားများအား အပူရှောင်စခန်းများတွင် လာရောက်နားခို နိုင်ရေးနှင့် အပူဒဏ်အန္တရာယ် ကြိုတင်ကာကွယ်ရေး အတွက် အပူရှောင်စခန်းများကို မြို့နယ်အတွင်း၌ ဧပြီ ၂ ရက်မှစတင်ပြီး ဖွင့်လှစ်ထားရှိရာ မင်းဘူးမြို့ သာသနာ့ဗိမာန်ရှိ အပူရှောင်စခန်း၌ သက်ကြီးဘိုဘွား ၂၆ ဦးနှင့် စကုမြို့ အမှတ်(၂)ရပ်ကွက်ရှိ မိုးကုတ်ဝိပဿနာဓမ္မရိပ်သာ အပူရှောင် စခန်း၌ သက်ကြီး ဘိုးဘွား ၁၇ ဦးတို့ လာရောက်နားခိုနေထိုင်လျက်ရှိပြီး လိုအပ်သောပံ့ပိုးကူညီမှုများနှင့် ကျန်းမာရေး ဝန်ဆောင်မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မောင်မောင်(မင်းဘူး)