မကွေး ၁ မေ
ကိုဗစ် ၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး ကာလအတွင်း မတ် ၁၃ ရက်နေ့မှ မေ ၁၅ ရက်နေ့ထိ ရပ်နားထားသော မကွေးအခြေပြု၊ အော်ပရေတာလိုင်စင်ရှိ မော်တော်ယာဉ်လိုင်း (၂၄) ခုမှ ယာဉ်မောင်း နှင့် ယာဉ်နောက်လိုက်များအတွက် ယနေ့တွင် စားသောက်ကုန်များ လှူဒါန်းခဲ့ကြောင်း သိရသည်။
ခရီးသည်တင် ယာဉ်လိုင်းများက ကောက်ခံရရှိသည့် ယာဉ်ကြီးကြပ်ခ ငွေထဲမှ ငွေကျပ် ၄၅ သိန်း သုံးစွဲကာ မော်တော်ယာဉ်တစ်စီးရှိ ယာဉ်မောင်း နှင့် ယာဉ်နောက်လိုက်တို့အတွက် ဆန် ၈ ပြည်၊ ကုလားပဲခြမ်း ၁ ပြည်၊ ဆီ ၁ ပိဿာ၊ ကြက်သွန်နီ ၁ ပိဿာ၊ ဆား ၁ ပိဿာ နှင့် သီးခြား အလှူရှင်တစ်ဦးက ကြတ်သွန်ဖြူ ၁ ထုတ်စီ လှူဒါန်းပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ ဧပြီလကုန်မှာ ယာဉ်လိုင်းတွေက ပြန်ပြေးရမယ်လို့ ထင်ခဲ့ကြတယ်။ မမျှော်လင့်ပဲ ၁၅ ရက် ထပ်တိုး ပိတ်လိုက်တဲ့အတွက် ယာဉ်အစီးရေ (၃၀၀) လောက်က ယာဉ်မောင်း၊ ယာဉ်နောက်လိုက်တွေရဲ့ မိသားစုတွေ တစ်စိတ်တစ်ဒေသ အဆင်ပြေဖို့ လှူဒါန်းရခြင်း ဖြစ်ပါတယ်” ဟု မကွေးတိုင်း ပုဂ္ဂလိကပိုင် လုပ်ငန်းသုံး မော်တော်ယာဉ်လိုင်းများ ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဦးမြင့်စိုးက ပြောသည်။
“ ဝင်ငွေထိခိုက်မှုကတော့ လုပ်ငန်းတိုင်းလိုလို ရှိကြပါတယ်။ အဓိက အခက်အခဲက အလုပ်သမားတွေရဲ့ စားဝတ်နေရေးပေါ့။ ဒီလိုအချိန်မှာ တိုင်းအစိုးရရဲ့ လမ်းညွှန်မှုနဲ့ ကော်မတီက ဦးဆောင် ထောက်ပံပေးတဲ့အတွက် ဝမ်းသာရပါတယ်။ အစိုးရ လမ်းညွှန်ချက်အတိုင်း တစ်သွေမတိမ်း လိုက်နာပြီး ဆက်သွားကြရင် အဆင်ပြေလာမှာပါ” ဟု အောင်သစ္စာ မော်တော်ယာဉ်လိုင်း ဂိတ်ပိုင် ဦးအောင်ကျော်ဦးက ပြောကြားသည်။
ဇေယျတု(မကွေး)


