နေပြည်တော် ၅ ဩဂုတ်

 

မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့နယ်အတွင်း ဩဂုတ် ၃ ရက်နေ့ နံနက် ၈ နာရီက မိုးရွာသွန်းပြီး တောင်ကျရေစီးဆင်းမှုကြောင့် ရွှေပန်းတော-သမ္ဘူလကျေးရွာသွား ကားလမ်း၌ အလျား ၅၀ ပေခန့်ရှိ ဘေလီသံဘောင် ချောင်းကူးတံတား ၁ စင်း၊  ရွှေပန်းတောကျေးရွာပါ ၄ ရွာတို့မှ နေအိမ် ၁၄ လုံး ရေစီးနှင့်မျောပါသွားပြီး လက်ပံခုန်ကျေးရွာနေ ဒေါ်တင်တင်အေး (၄၈)နှစ်၊ သစ်ချိုကုန်းကျေးရွာနေ ထွန်းမြင့် (၃၀)နှစ်နှင့် သရက်ချောင်းကျေးရွာနေ ဖိုးခိုင် (၄၀)နှစ်တို့ ၃ ဦးမှာ ရေစီးနှင့်အတူ မျောပါပျောက်ဆုံးသွားသဖြင့် ရွှေပန်းတောနယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့က လိုက်လံရှာဖွေလျက်ရှိကြောင်း သိရသည်။

 

အလားတူ ည ၁၁ နာရီခွဲက ရေနံချောင်းမြို့နယ်အတွင်း မိုးရွာသွန်းမှုကြောင့် ချောင်းဆုံ-အင်တော ကျေးရွာချင်းဆက်လမ်းရှိ အလျား ၂၂ ပေခန့်ရှိ ကွန်ကရစ်တံတား၏ ချဉ်းကပ် မြေသားလမ်း ၅၀ ပေခန့် ရေတိုက်စားပျက်စီးသွားကြောင်း၊ ထို့အပြင် ဩဂုတ် ၄ ရက် နံနက် ၇ နာရီက ရေစကြိုမြို့နယ်အတွင်း ချင်းတွင်းမြစ်ရေမြင့်တက်မှုကြောင့် ကျောက်ဖူးကျေးရွာ၌ ရေအနက် ၂ ပေခန့် ဝင်ရောက်နေသဖြင့် စာသင်ကျောင်း ၁ ကျောင်း ယာယီပိတ်ထားကြောင်း၊ အလားတူ နံနက် ၈ နာရီခွဲက ရေနံချောင်းမြို့နယ်အတွင်း မိုးရွာသွန်းမှုကြောင့် အုတ်ရှစ်ကုန်းကျေးရွာ၌ လမ်းခင်းအလုပ်သမားများ နေထိုင်သော ယာယီတဲ ၁၄  လုံး၊ ဈေးဆိုင်တဲ ၂ လုံးတို့ ချောင်းရေမျောပါသွားခဲ့ပြီး လူ/တိရစ္ဆာန် ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သိရသည်။

 

ထို့အပြင် ညနေ ၅ နာရီက ပခုက္ကူမြို့နယ်အတွင်း ဧရာဝတီမြစ်ရေ မြင့်တက်မှုကြောင့် ဆိက္ခဝကျေးရွာပါ ၂ ရွာတို့၌ ရေအနက် ၁ ပေခွဲခန့် ဝင်ရောက်နေသဖြင့် စာသင်ကျောင်း ၂ ကျောင်း ယာယီပိတ်ထားခဲ့ရသည်။

 

အလားတူ ညနေ ၅ နာရီက စလင်းမြို့နယ်အတွင်း စလင်းချောင်းရေတိုက်စားမှုကြောင့် ဆင်ဖြူကျွန်းမြို့ (၂)ရပ်ကွက်ရှိ အလျား ၁၀၀၀ ပေခန့်ရှိ စလင်းချောင်းကူးတံတား(ယာယီ) ချဉ်းကပ်လမ်း၌ အလျား ၆ ပေ၊ အနံ ၂ လက်မခန့်ရှိ အက်ကြောင်းများ ဖြစ်ပေါ်လျက်ရှိကြောင်း သတင်းရရှိသည်။

 

ရဲပြန်ကြား