မြို့သစ် ၂၈ ဇွန်
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ၂၀၂၁ ခုနှစ်၊ နွေစပါးအထွက်နှုန်း စံကွက်ဧက ကွက်ကျယ် ရိတ်သိမ်း ခြွေလှေ့စက်ဖြင့် ရိတ်သိမ်းခြင်းလုပ်ငန်းကို ယမန်နေ့နံနက်ပိုင်းက ပုလင်းကြီးကျေးရွာအုပ်စု၊ သီးပင်ကျေးရွာ ပုလင်းတမံ ဆည်ရေသောက် ကွင်းအမှတ်-၁၃၀၄၊ ဦးပိုင် ၅၉ တောင်သူ ဦးဇော်မိုးခိုင်၏ ရတနာတိုးစပါး ၅ ဧကစံပြစိုက်ခင်းတွင် ပြုလုပ်ခဲ့သည်။
အဆိုပါ စိုက်ကွင်းသို့ မြို့သစ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဝင်းထက်၊ အဖွဲ့ဝင် ဗိုလ်မှူး သီဟအောင်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်လင်း၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ဦးစီးမှူး ဦးကျော်လွင်နှင့် ဝန်ထမ်းများ၊ တောင်သူများတက်ရောက် ကြည့်ရှုကြပြီး တစ်ဧကအစိုအထွက်နှုန်း (၁၀.၂၈) တင်းနှုန်း ထွက်ရှိခဲ့ကြောင်း၊ လက်ရှိကာလတွင် ဒေသပေါက်စျေး တစ်တင်းလျှင် ကျပ် ၅၃၀၀မှ ၅၅၀၀ အထိ အရောင်းအဝယ်ရှိပြီး မျိုးသန့်စပါး ဆင့်ပွားထုတ်လုပ်သူများအနေဖြင့် တစ်တင်းလျှင် ငွေကျပ် ၁၀၀၀၀ နှုန်းဖြင့် တောင်သူအချင်းချင်း မျိုးသန့် ဖလှယ်စနစ်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရသည်။
မြို့သစ်မြို့နယ်တွင် ၂၀၂၁ ခုနှစ် နွေရာသီတွင် အစိုးရဆည်တမံများဖြစ်သည့် ပုလင်း၊ စွန်၊ ဆဒ္ဒန်ဆည်(၃)ခုမှ နွေစပါးစုစုပေါင်း (၈၀၇)ဧကနှင့် နွေနှမ်း ဧက(၆၀၀) ကျော် စိုက်ပျိုးထားရှိပြီး မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှလည်း စိုက်ခင်းတောင်သူများနှင့် ပေါင်းစပ်၍ တစ်ဧကအထွက်နှုန်း တိုးတက်ရေး မိတ်ဖက်များကို အခြေခံ၍ စိုက်ပျိုးနည်းစနစ် စံပြကွက်စိုက်ခင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဝင်းအိဇွန်(ပြန်/ဆက်)


