မကွေး   ၂၂   မေ

မကွေးတိုင်းဒေသကြီး မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ မိုးရာသီစိုက်ပျိုးရေးစရိတ်ချေးငွေများကို ထုတ်ချေးပေးလျက်ရှိပြီး ၂၀၁၉ ခုနှစ် မူအရ ကောက်ခံခဲ့သော အတိုးနှုန်း (၈)ရာခိုင်နှုန်းအား ၂၀၂၀ ခုနှစ် ချေးငွေမူအရ (၅)ရာခိုင်နှုန်းထိ လျှော့ချလိုက်ကြောင်း တိုင်းမန်နေဂျာ ဦးကျော်တင်ဦးထံမှ သိရသည်။
 
၂၀၁၉ ခုနှစ် မူအရ တောင်သူများနှင့် စာချုပ်ချုပ်ရာတွင် တစ်နှစ်အတိုးနှုန်း (၈)ရာခိုင်နှုန်း သဘောတူ သတ်မှတ်ထားခဲ့သော်လည်း ၂၀၂၀ ပြည့်နှစ် ဧပြီလ (၁)ရက်နေ့မှစ၍ အတိုးနှုန်း (၇)ရာခိုင်နှုန်းအဖြစ် ပြောင်းလဲလျှော့ချခဲ့ကြောင်း၊ ကပ်ရောဂါကာလဖြစ်၍ စိုက်ပျိုးရေးချေးငွေများကို မေလ (၁)ရက်နေ့မှစ၍ (၅)ရာခိုင်နှုန်းထိ ထပ်မံလျှော့ချခဲ့ကြောင်း သိရသည်။

“အတိုးနှုန်းလျှော့တာ ဟုတ်ပါတယ်။ ရုံးသဘောနဲ့ ပြောရမယ်ဆိုရင်တော့ ၁၅-၅-၂၀၂၀ ရက်နေ့ကနေ ၁၅-၄-၂၀၂၁ ရက်နေ့ထိ ကာလအတွင်း ၂၀၂၀ စိုက်ပျိုးရေးစရိတ်ချေးငွေမူအရ အတိုးနှုန်းက ၅ ရာခိုင်နှုန်းနဲ့ အကျုံးဝင်ပါတယ်။ တောင်သူတွေရဲ့ ချေးငွေထုတ်တဲ့ရက်တွေ မတူနိုင်တာကြောင့် ပျမ်းမျှဆိုရင်တော့ တောင်သူတွေ ဆယ်လလောက် လှည့်ပတ်သုံးစွဲလို့ ရပါတယ်” ဟု မကွေးတိုင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ ဒုတိုင်းမန်နေဂျာ ဦးစိုးမင်းဝင်းက ပြောသည်။ 

မကွေးတိုင်း ၂၅ မြို့နယ်မှ တောင်သူများအား မိုးစပါးတစ်ဧကလျှင် တစ်သိန်းငါးသောင်းကျပ်၊ အခြားသီးနှံ တစ်ဧကလျှင် တစ်သိန်းကျပ် ထုတ်ချေးပေးလျက်ရှိပြီး ၂၀၂၀ ပြည့်နှစ်၌ မိုးစပါးဧက (၄၀၆၇၆၁)ဧကအတွက် ချေးငွေကျပ် ၆၁၀၁၄ ဒသမ ၁၅ သန်း၊ အခြားသီးနှံဧက (၈၂၂၃၈၇)ဧကအတွက် ချေးငွေကျပ် ၈၂၂၃၈ ဒသမ ၇၀ သန်း စုစုပေါင်း မိုးသီးနှံဧကပေါင်း ၁၂၂၉၁၄၈ ဧကအတွက် စိုက်ပျိုးစရိတ်ချေးငွေပေါင်း ၁၄၃၂၅၂ ဒသမ ၈၅ သန်း ထုတ်ချေးသွားမည်ဖြစ်သည်။

 

a

 

“ပြီးခဲ့တဲ့လပိုင်းက ဗဟိုဘဏ်အတိုးနှုန်း လျှော့ချလိုက်တဲ့အတွက် တစ်နှစ်အတွက် ၅ ရာခိုင်နှုန်းအတိုးနဲ့ ထုတ်ချေးပေးနေတာပါ။ ချေးငွေကို ပြန်သွင်းရမယ့်ကာလထက် နောက်ကျသွင်းခဲ့ရင်တော့ ငွေတစ်ရာကို တစ်လပြားငါးဆယ် အတိုးနှုန်း ဒဏ်ကြေးပေးဆောင်ရမှာပါ”ဟု မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ မကွေးတိုင်းမန်နေဂျာ ဦးကျော်တင်ဦးက ပြောသည်။ 

၂၀၂၀ ပြည့်နှစ် နွေကာလတွင် မြို့နယ်(၄)မြို့နယ်မှ တောင်သူများ၏ နွေစပါးသီးနှံ ၃၈၂ ဧက၊ ကြံ ၁၀၆၁၅ ဧကအတွက် ငွေကျပ် ၁၁၁၈၈၃ သိန်း ထုတ်ချေးပေးခဲ့ကြောင်း၊ ၂၀၁၉ ခုနှစ်ကလည်း တောင်သူဦးရေ (၂၁၇၉၁၄)ဦး၏ စိုက်ဧကပေါင်း ၁၀ သိန်းကျော်အတွက် ချေးငွေ ၁၃၂၈၉၄ ဒသမ ၃၀ ကျပ်သန်းကို ထုတ်ချေးပေးနိုင်ခဲ့ကြောင်း မကွေးတိုင်းဒေသကြီး မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ သိရသည်။ 

ဇေယျတု(မကွေး)