ပေါက်   ၊ ၁၅   ဒီဇင်ဘာ

 

မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ် အိုင့်ကိုင်းကျေးရွာအုပ်စုအတွင်းရှိ ဒေသခံတောင်သူများသည် မြေအောက်ရေကို အသုံးပြု၍ ဆောင်းသီးနှံ ပန်းမုံလာ စိုက်ပျိုးရေးလုပ်ငန်းအား စမ်းသပ် စိုက်ပျိုး လုပ်ကိုင်ကြရာ စိုက်ပျိုးရေအဆင်ပြေ မှုကြောင့် အောင်မြင်ဖြစ်ထွန်းမှုရှိပြီး ဈေးကောင်းရရှိရန်  မျှော်လင့်နေကြကြောင်း ပေါက်မြို့နယ် စခန်းလှကျေးရွာမှ ဒေသခံ တောင်သူများထံက သိရသည်။

 

ပန်းမုံလာစိုက်ပျိုးရန်အတွက် ပထမဦးစွာ မိမိတို့၏ ယာမြေများကို ထည်ရေးညက်ညက် ထွန်ယက်ကာ မိမိတို့ကြိုက်နှစ်သက်သည့် မြေအနေအထားရောက်ပြီဆိုတာနဲ့ တန်းကြား တစ်တောင်ထွာထား ကြောင်းဆွဲကာ ပင်ကြားတစ်တောင်နှင့်စိုက်ပျိုးကြပြီး အပင်အနေအထားပေါ်မူတည်၍ ရေလောင်း၊ ပေါင်းသင်၊ ဆေးဖျန်းခြင်း လုပ်ငန်းများ ဆောင်ရွက်ကာ စိုက်ပျိုးပြီး(၂)လခွဲခန့် ကြာပါက ရောင်းတန်းဝင် ပန်းမုံလာထုပ်များကို စတင် ဆွတ်ခူးရောင်းချရကြောင်း၊ လက်ရှိတွင်ဈေးကွက်၌ ပန်းမုံလာ (အဖြူ)တစ်ပွင့်လျှင် ငွေကျပ် ၇၅၀ နှုန်းဖြင့် ရောင်းချနေရကြောင်း ပေါက်မြို့နယ် စခန်းလှကျေးရွာမှ ဟင်းသီး ဟင်းရွက် စားပင်သီးနှံစိုက်ပျိုး လုပ်ကိုင်သူ ဦးရဲဌေးက ပြောသည်။

 

mdn

 

 “ကျွန်တော်တို့ ပေါက်မြို့နယ်က ဒေသခံတောင်သူတွေဟာ မြေအောက်ရေနဲ့ ယောချောင်း၊ ကျောချောင်းရေကို အကျိုးရှိစွာအ သုံးချပြီး ဟင်းသီးဟင်းရွက်စားပင်သီးနှံမျိုးစုံကို စီးပွားဖြစ် စိုက်ပျိုး လုပ်ကိုင်ကြပါတယ်။ စိုက်ပျိုးတဲ့စားပင်သီးနှံတွေကတော့ ဘူး ၊ ဖရုံ ၊ ခရမ်းချို ၊ ခရမ်းချဉ် ၊ ငရုတ် ၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ ၊ အာလူး၊ ဖူးစားပြောင်း ၊ ကြက်ဟင်းခါး ၊ မုံလာဉဖြူ ၊ ပန်းမုံလာ ၊ နံနံပင် ၊ တိုင်ထောင်ပဲ ၊ ချဉ်ပေါင် ၊ ကန်စွန်း စတဲ့ သီးနှံတွေနဲ့ ဘုရားပန်းမျိုးစုံကို အဓိကစိုက်ပျိုးကြပါတယ်။ ယခုလို ကိုဗစ် - ၁၉ ကာလမှာ ဟင်းသီးဟင်းရွက် စားပင်သီးနှံစိုက်ပျိုးရေးလုပ်ငန်းဟာ မိသားစု စားဝတ်နေရေးအတွက် နေ့စဉ်ဝင်ငွေရရှိလို့  ဒေသခံတောင်သူတွေက အားထားစိုက်ပျိုး လုပ်ကိုင်ကြပါတယ်။ ယခုနှစ်တွင် ဒေသခံတောင်သူတွေဟာ ဟင်းသီးဟင်းရွက် စားပင်သီးနှံစိုက် ပျိုးရေးလုပ်ငန်းတွင် ပန်းမုံလာကို စမ်းသပ်စိုက်ပျိုး လုပ်ကိုင် လာကြပါတယ်။ စိုက်ပျိုးရေ အဆင်ပြေမှုကြောင့် တောင်သူတွေစမ်းသပ်စိုက်ပျိုးတဲ့ ပန်းမုံလာစိုက်ခင်းတွေ အောင်မြင် ဖြစ်ထွန်း မှုရှိပြီး ဆွတ်ခူးရောင်းချရချိန်တွင် ဈေးကောင်းရရှိဖို့ တောင်သူတွေ မျှော်လင့်နေကြပါတယ် ” ဟု ၎င်းက ဆက်လက်ပြောပြ သည်။

 

ပန်းမုံလာသီးနှံသည် ဟင်းလျာများတွင် တို့စ ရာအဖြစ် စားသုံး၍ရသလို ၊ အလွယ်တကူကြော် ချက်၍လည်း စားသုံးနိုင်သဖြင့် ပြည်သူများက အကြိုက်တွေ့ဝယ်ယူစားသုံးကြသဖြင့် ဈေးကွက်ရှိသည့် သီးနှံတစ်မျိုးဖြစ်ပြီး လာမည့်နှစ် ဆောင်းရာသီတွင် ပန်းမုံလာ သီးနှံများ ပိုမိုတိုးချဲ့ စိုက်ပျိုးလာမည် ဖြစ်ကြောင်း ပေါက်မြို့နယ် စခန်းလှကျေးရွာမှ ဒေသခံ တောင်သူများထံက သိရသည်။

 

ဉာဏ်တိုး(ပေါက်)