ပွင့်ဖြူ၊ ၂၈ ဒီဇင်ဘာ
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ဆောင်းသီးနှံကုလားပဲမျိုး ယှဉ်ပြိုင်စမ်းသပ်စိုက်ပျိုးထားကြောင်း မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှိုင်မြင့်ထံမှ သိရသည်။
ဆောင်းသီးနှံကုလားပဲမျိုးကို (၆)မျိုးရွေးချယ်ကာ မျိုးယှဉ်ပြိုင်စမ်းသပ်ကွက်အနေနဲ့ စိုက်ပျိုးထားခြင်းဖြစ်ပြီး ကံသာကြီးကျေးရွာမှ တောင်သူ ဦးမျိုးညွန့်ဦး၏ လယ်မြေ သုည ဒသမ ၂၀ ဧကနှင့် ကံဆွယ်ကျေးရွာမှ တောင်သူ ဦးသိန်းဌေး၏ လယ်မြေ သုည ဒသမ ၅၀ ဧက စုစုပေါင်း စိုက်ဧက သုည ဒသမ ၇၀ စိုက်ပျိုးထားကြောင်း မြို့နယ်ဦးစီးမှူး ဦးလှိုင်မြင့် က ပြောသည်။
ဆောင်းသီးနှံကုလားပဲမျိုး ယှဉ်ပြိုင်စမ်းသပ်စိုက်ပျိုးခြင်းကို စိုက်ပျိုးရေးသုတေသနဦးစီးဌာနနှင့် မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနတို့ ပူးပေါင်းပြီး ဒေသတွင်းရှိ ဆောင်းသီးနှံစိုက်ပျိုးတောင်သူများ သီးနှံဝင်ငွေတိုးပွားစေရေးအတွက် အထွက်နှုန်းကောင်းသော ကုလားပဲ မျိုးကောင်းမျိုးသန့်များ ရွေးချယ်စိုက်ပျိုးနိုင်ရေးအတွက် ရည်ရွယ်စိုက်ပျိုးခြင်း ဖြစ်ကြောင်း သိရသည်။
ရဲဝင်းနိုင် (ညောင်ဦး)


