မကွေး   ၂၈   မေ  

မကွေးတိုင်းဒေသကြီးအတွင်းရှိ ခရီးသည်တင် မော်တော်ယာဉ်လိုင်းများအား အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ ပြန်လည်ပြေးဆွဲခွင့်ပြုပြီဖြစ်ကြောင်း မကွေးတိုင်းဒေသကြီး လုပ်ငန်းလိုင်စင်နှင့် သယ်ယူပို့ဆောင်ရေး ကြီးကြပ်ညှိနှိုင်းမှုဌာနမှ သိရသည်။

မကွေးတိုင်းဒေသကြီးအတွင်း COVID-19 ရောဂါပြန့်ပွားမှု မဖြစ်စေရေးနှင့် ကာကွယ်ရေး၊ ထိန်းချုပ်ရေးလုပ်ငန်းများ အထောက်အကူဖြစ်စေရန်အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ပြည်သူသို့ ပန်ကြားချက်များအရ ခရီးသည်ပို့ဆောင်ရေးလုပ်ငန်းများကို ဧပြီ ၁၀ ရက်မှ မေ ၁၅ ရက်အထိ ယာယီရပ်နားခဲ့ပြီးနောက် မေ ၁၆ ရက်တွင် ပထမအဆင့်နေဖြင့် ခရီးသည်တင်ပို့ဆောင်ရေးယာဉ်လိုင်းများကို တိုင်းဒေသကြီးအတွင်း ပြေးဆွဲခွင့်ပြုခဲ့သည်။ 

 

‌ေ

 

ယခုအခါ မကွေးတိုင်းဒေသကြီးမှ ခရီးသည်တင်ယာဉ်လိုင်းများအား အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ ပြေးဆွဲခွင့်နှင့်ပတ်သက်ပြီး မကွေးတိုင်းဒေသကြီး လုပ်ငန်းလိုင်စင်နှင့် သယ်ယူပို့ဆောင်ရေး ကြီးကြပ်ညှိနှိုင်းမှုဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးသိန်းဟန်က “မေလ ၁၆ ရက်နေ့ကစပြီး တိုင်းဒေသကြီးအတွင်း ခရီးစဉ်တွေကို ခွင့်ပြုခဲ့ပါတယ်။ ယခု မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ အစည်းအဝေးဆုံးဖြတ်ချက်နဲ့ မေလ ၂၈ ရက်နေ့က စပြီးတော့ မကွေးတိုင်းဒေသကြီးပြင်ပ အခြားတိုင်းဒေသကြီး၊ ပြည်နယ်၊ နေပြည်တော်ကောင်စီသို့သွားခွင့် ခွင့်ပြုချက်ရရှိပြီး ဖြစ်ပါတယ်။ ဇွန်လ ၁ ရက်နေ့ကစပြီး ရန်ကုန်တိုင်းဒေသကြီးသို့ ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်ဖြစ်ပါတယ်” ဟု ပြောကြားသည်။

ခရီးသည်တင် မော်တော်ယာဉ်လိုင်းများအနေဖြင့် COVID-19 ကာကွယ်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ချက်များအား လိုက်နာဆောင်ရွက်ရမည်ဖြစ်ပြီး ခရီးသည်တင်ဆောင်ရာတွင် မော်တော်ယာဉ်ခရီးသည်တင်အား၏ တစ်ဝက်နှင့် မူလယာဉ်စီးခနှုန်းထား၏ တစ်ဆခွဲဖြင့် ခွင့်ပြုထားကြောင်း သိရသည်။  မကွေးတိုင်းဒေသကြီးအတွင်း ပြေးဆွဲသည့် ယာဉ်လိုင်း (၇၉)လိုင်း၊ မကွေးတိုင်းဒေသကြီးအတွင်းမှ အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ ပြေးဆွဲသည့် ယာဉ်လိုင်း (၁၄၁)လိုင်း၊ အခြား ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ မကွေးတိုင်းဒေသကြီး အတွင်းသို့ ပြေးဆွဲသည့်ယာဉ်လိုင်း (၁၂၃)လိုင်း စုစုပေါင်း (၃၄၃)လိုင်းဖြင့် ခရီးစဉ်များ ပြေးဆွဲလျက်ရှိကြောင်း သိရသည်။

နိုင်သွေး