မကွေး ဇူလိုင် ၂၆

 

မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ကြီးမှူး၍ ဌာနဆိုင်ရာများနှင့် စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို ဇူလိုင် ၂၆ ရက် နံနက်ပိုင်းက မကွေးမြို့ မြသလွန်စေတီ ရင်ပြင်တော်ရှိ မဟာဝိဇယရံသီတန်ဆောင်းတော်၌ ကျင်းပရာ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် သီရိပျံချီ ဦးတင့်လွင်၊ မကွေးလေတပ်စခန်း ဌာနချုပ်မှူး၊ မကွေးတပ်နယ်မှူး၊ တရားသူကြီးချုပ်နှင့် တိုင်းဒေသကြီး ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်၍ သံဃာတော် အရှင်သူမြတ်တို့အား လှူဖွယ်ဝတ္ထုပစ္စည်းနှင့် သင်္ကန်းအစုံ ၁၀၅၈ စုံအား စုပေါင်းဆက်ကပ် လှူဒါန်းကာ ရေစက်သွန်းချ အမျှပေးဝေကြသည်။

 

ဦးစွာ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ဆရာတော် သံဃာတော်များ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်အပေါင်းတို့က နမောတဿ သုံးကြိမ်ရွတ်ဆို၍ ဖွင့်လှစ်ပြီး မကွေးမြို့ ပြည်တော်သာကျောင်းတိုက် ပဓာနနာယက အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တပညာဝံသထံမှ ငါးပါးသီလခံယူ ဆောက်တည်ကာ သံဃာတော် အရှင်သူမြတ်တို့ထံမှ ပရိတ်တရားတော်များ နာယူကြသည်။ ထို့နောက် မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့က ဆရာတော်ကြီးနှင့် သံဃာတော် အရှင်သူမြတ်တို့ထံ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကာ လှူဒါန်းမှု အစုစုအတွက် ရေစက်သွန်းချအမျှပေးဝေပြီး ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ရုတ်သိမ်းကာ ဆရာတော်၊ သံဃာတော် အရှင်သူမြတ်တို့အား နေ့ဆွမ်း ဆက်ကပ် လှူဒါန်းခဲ့သည်။

 

မောင်ညီညာ