မကွေး ဩဂုတ် ၁၈

မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်သည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်ကျော်လင်း၊ လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါကာ ဩဂုတ် ၁၇ ရက် နံနက်ပိုင်းက အောင်လံမြို့၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကိုဗစ်-၁၉ ကော်မတီဝင်များနှင့် တွေဆုံ၍ အောင်လံမြို့နယ် ကိုဗစ် ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် ငွေကျပ်(၇၅)သိန်းနှင့် အထောက်အကူပြုပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့သည်။

ထိုသို့တွေ့ဆုံစဉ် လက်ရှိ ဖြစ်ပေါ်နေသော ကိုဗစ်-၁၉ ရောဂါအား တစ်ဖြည်းဖြည်း လျော့နည်းရပ်တန့်သွားအောင် အဖက်ဖက်မှ ကြိုစားဆောင်ရွက်နေပါကြောင်း၊ ကာကွယ်ဆေးများကိုလည်း ရရှိမှုပေါ်မူတည်ပြီး မြို့နယ်အလိုက် ခွဲဝေပေးလျက်ရှိပြီး အုပ်စုအလိုက်ခွဲ၍ ထိုးနှံပေးလျက်ရှိကြောင်း၊ ကိုဗစ်-၁၉ ရောဂါခံစားနေရသည့် လူနာများအတွက် လိုအပ်နေသော အောက်ဆီဂျင်များ အပြည့်အဝရရှိရေးအတွက် ဆောင်ရွက်ပေးလျက်ရှိရာ ယခုအခါ မကွေးမြို့၊ ကားကွင်းအတွင်း တည်ဆောက်ပြီးစီးသည့် အောင်စီဂျင်စက်မှာလည်း စပ်းသပ်လည်ပတ်လျက် ရှိနေပြီဖြစ်ပြီး ထွက်ရှိမှုပေါ်မူတည်ကာ ခွဲဝေသတ်မှတ်ဖြန့်ဝေ ပေးသွားမည်ဖြစ်ပါကြောင်းနှင့် ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးစေလိုကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ အောင်လံမြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ဦးကျော်နိုင်မှ လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေများအား လည်းကောင်း၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာမျိုးလွင်က ကုသဆောင်ရွက်ပေးနေမှု အခြေအနေများနှင့် ဆေးဝါးနှင့် အထောက်အကူပြုပစ္စည်း လိုအပ်ချက်များအား လည်းကောင်း ရှင်းလင်းတင်ပြခဲ့မှုအပေါ် လိုအပ်သည်များမှာကြားကာ ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပြီး ကိုဗစ်ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် ငွေကျပ်(၇၅)သိန်းနှင့် အထောက်အကူပြုပစ္စည်းများဖြစ်သော PPE, Hand Gel နှင့် Mask များ ထောက်ပံ့ပေးအပ်ခဲ့သည်။

ထိုမှတစ်ဆင့် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အောက်ဆီဂျင်စက်ရုံ တည်ဆောက်မည့်နေရာသို့ သွားရောက် စက်ရုံတည်ဆောက်နေမှု အခြေအနေများအား ကြည်ရှုစစ်ဆေးကာ လျှပ်စစ်မီးရရှိရေး ဆောင်ရွက်ရန်နှင့် မီးပြတ်တောက်မှု လျော့နည်းစေရေးအတွက် သီးခြားလိုင်းဖြင့် ဆောင်ရွက်ရန်  မှာကြားခဲ့ပြီး ဆေးရုံကြီးအတွင်းရှိ Positive Center နှင့် မြို့နယ် အားကစားရုံ  အောင်မြေရွှေဝါခန်းမ၌ ဖွင့်လှစ်ထားရှိသည့် Positive Center များသို့ သွားရောက် လူနာ(၇၄)ဦးအတွက် ခေါက်ဆွဲခြောက်နှင့် ကြက်ဥများ ထောက်ပံ့ပေးခဲ့သည်။

ယင်းနောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အောင်လံမြို့၊ ရွာထောင်ရပ်ကွက်ရှိ ဦးမောင်သိန်း၏ ဥစားကြက်မွေးမြူရေးခြံသို့ ရောက်ရှိပြီး ကြက်များမွေးမြူထားရှိမှု အခြေအနေအား ကြည့်ရှုစစ်ဆေးကာ ကြက်ဥထွက်ရှိမှု၊ ဖြန့်ဝေရောင်းချောင်းမှု အခြေအနေနှင့် ဝင်ငွေရရှိမှု အခြေအနေများအား မေးမြန်းခဲ့ပြီး ကြက်ဥများ ပိုမိုထုတ်လုပ်နိုင်ရေး ကြိုစားဆောင်ရွက်ရန် မှာကြားခဲ့သည်။

က်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စိုက်ပျိုးရေးဦးစီးဌာန၊ ဝါနှင့်လျှော်မျှင်ထွက် သီးနှံဌာနခွဲ၊ ဝါသီးနှံမျိုးသန့်ခြံ(အောင်လံ)သို့ ရောက်ရှိရာ တာဝန်ရှိသူမှ ရှင်းလင်းတင်ပြမှုအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က ဝါမျိုးအလိုက် ဒေသနှင့် သင့်လျော်မှုကိုသိရှိရေး Location Test ဆောင်ရွက်ရန်၊ မြေအမျိုးအစားအလိုက် Spacing Test (ဝါမျိုးအလိုက်) ပြုလုပ်ရန်၊ ခြံရှိဧရိယာအားလုံးမှ ဝါမျိုးများထွက်ရှိ ဖြန့်ဖြူးနိုင်ရေးအတွက် ဆောင်ရွက်ရန်၊ ခြံအတွင်းစိုက်ပျိုးနိုင်သည့် ဧရိယာအားလုံး ရေရရှိရေး စီစဉ်ဆောင်ရွက်ရန်နှင့် ဝါတစ်ဧကအထွက်နှုန်း ပိဿာတစ်ထောင် ထွက်ရှိရေးကို မိမိခြံပါမက တောင်သူများပါ ထွက်အောင်ဆောင်ရွက်ရန် မှာကြားခဲ့ပြီး ဝါစိုက်ပျိုးထားရှိမှုများကို ကြည့်ရှုစစ်ဆေးခဲ့သည်။

ထိုမှတစ်ဆင့် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အောင်လံမြို့နယ် မီးသတ်ဦးစီးဌာနသို့ ရောက်ရှိပြီး သဘာဝဘေးဖြစ်ပေါ်လာပါက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ဇာတ်တိုက်လေ့ကျင့် သရုပ်ပြမှုအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

မောင်ညီညာ(မကွေး)