မင်းဘူး ၂၅ ဇန်နဝါရီ

 

မကွေးတိုင်းဒေသကြီး၊ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးများသည် မန်းရွှေစက်တော် ဘုရားပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး လုပ်ငန်းဆောင်ရွက်နေမှုများအား ယနေ့ နံနက် ၉ နာရီက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

 

2

 

ရှေးဉီးစွာ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုနှင့် တိုင်းဒေသကြီး ဝန်ကြီးများသည် အောက်စက်တော်ရာ၌ ပန်း၊ ရေချမ်း၊ ဆီးမီးကပ်လှူခြင်း၊ နမ္မဒါတည်းခိုဆောင်နှင့် တည်းကျောင်းများ ဆောက်လုပ်ပြီးစီးမှုနှင့်  ငဖဲမြို့နယ်ဘက် အထွက်လမ်း၊ နဂါးနီ အနောက်ဘက်ရှိ အဆင့်မြင့် ရေလောင်းအိမ်သာ ဆောက်လုပ်ပြီးစီးမှုအား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့သည်။ ဆက်လက်၍ ဘုရားကျေးရွာ ပတ်လမ်းမှတစ်ဆင့် ဘုရားပွဲတော်ကွင်း၊ မကျီးကုန်းတွင် ဆောက်လုပ်ထားသော ရွှေစက်တော် မီးသတ်စခန်း၊ နှစ်ကျိပ်ရှစ်ဆူဘုရား၊ ရပ်တော်မူဘုရားတို့တွင် လုပ်ငန်းများပြီးစီးမှုနှင့် ကိုးခန်းကြီးတွင် ကြွေပြားခင်းထားမှု၊ မျက်နှာကျက် ပြုပြင်ထားမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် မဟာမြတ်မုနိ ရုပ်ပွားတော်အား ရွှေသင်္ကန်း ကပ်လှူခြင်းနှင့် သုံးထပ်ဗိမ္မာန်ဆောင်၌ ဘုရားပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်ခဲ့ကြောင်း သိရသည်။

 

1

 

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့သည် မင်းဘူးမြို့နယ်၊ ကိုင်းမကြီး ကျေးရွာအနီးရှိ မန်းချောင်းသဲပြင်ပေါ်တွင် ကလေးကစားကွင်း ပြုလုပ်မည့်နေရာအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

 

ကျော်စိုးဝင်း(မင်းဘူး)