တောင်တွင်းကြီး ၁၃ နိုဝင်ဘာ
မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ် တည်တော(၁)အုပ်စု၊ အောင်မြင်ကုန်း ကျေးရွာအနီးရှိ ရန်ပယ် ချောင်းကူးတည်တော တံတားသစ်အား ယနေ့ နံနက်၉နာရီက မကွေးတိုင်း ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ ဘဏ္ဍရေးနှင့် စီမံကိန်း ဝန်ကြီး ဦးဇော်မင်း၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဇော်မင်းထွန်းနှင့် ဦးဝင်းမြင့်လှိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြင်တို့က တံတားသစ်အားဖဲကြိုးဖြတ် ဖွင့်လှစ်၍ ကမ္ဗည်း မော်ကွန်း ကျောက်စာတိုင်ကို အမွှေးနံ့သာရည်များ ပက်ဖျန်းပေးခဲ့ကြသည်။
အဆိုပါ တံတားကို အလှူရှင် ဒေါ်မျိုးမျိုးခိုင်က ကျောင်းသား/သူများပြည်သူများမိုးတွင်း ကာလ ချောင်းရေကျ ချိန်များ၌ သွားလာရေးအခက်အခဲများ၊များစွာကြုံတွေ့ရသဖြင့် ယခုလို ဆောက်လုပ် လှူဒါန်းရခြင်း ဖြစ်ကြောင်း ပြောကြားခဲ့ပြီး အလှူရှင်အား ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခဲ့သည်။
အဆိုပါ တံတားသစ်မှာ အလျားပေ (၂၉၀)၊ အကျယ်(၈)ပေ၊ အမြင့်(၁၀)ပေ၊ သံကူ/သစ်သားတံတား အမျိုးအစားဖြစ်ပြီး ငွေကျပ်သိန်း (၇၅၀) အကုန်ကျခံလှူဒါန်း ခြင်းဖြစ်ကြောင်း၊ ယခုအခါ တံတားသစ် ဆောက်လုပ်ပြီးစီးသွားပြီဖြစ်၍ ကျောင်းသား၊ သူများ၊ ဒေသခံပြည်သူများ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေးစသည့် ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံဖြိုး တိုးတက်လာတော့မည်ဖြစ်ကြောင်း အောင်မြင်ကုန်းကျေးရွာမှ ပြည်သူတစ်ဦးက ပြောသည်။
နိုင်ဝင်း(တောင်တွင်းကြီးပြန်/ဆက်)


