ပွင့်ဖြူ ၁၇ သြဂုတ်
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန မကွေးတိုင်းဒေသကြီးငါးလုပ်ငန်းဦးစီးဌာနမှ ကြီးမှူးကျင်းပ ပြုလုပ်သည့် ပွင့်ဖြူမြို့နယ် ကြီးအုံကြီးဝတမံအတွင်း ငါးမျိုးစိတ်စိုက်ထည့်ပွဲကို သြဂုတ် ၁၇ ရက်၊ ယနေ့နံနက် ၉ နာရီက အဆိုပါ ကြီးအုံကြီးဝတမံရှိ ရှင်းလင်းဆောင်ခန်းမ၌ ကျင်းပသည်။
အဆိုပါ ငါးမျိုးစိတ်စိုက်ထည့်ပွဲသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းဒေသကြီးဝန်ကြီး ဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညို ၊ တိုင်းဒေသကြီးစိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးဝင်းမော်ဌေး၊ တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးတာ၊ ဒုတိယလွှတ်တော်ဥက္ကဋ္ဌ ဦးဇော်မျိုးဝင်းနှင့် လွှတ်တော်ကိုယ်စားလှယ်များ ၊ တိုင်းဒေသကြီးငါးလုပ်ငန်းဦးစီးမှူး ဒေါက်တာ ဒေါ်ယဉ်ယဉ်မိုးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး ကြီးအုံကြီးဝတမံအတွင်း ဒေသတွင်း ငါးသယံဇာတဖူလုံကြွယ်ဝစေရန်နှင့် ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ငါးမြစ်ချင်းမျိုးစိတ်ကောင်ရေ နှစ်သိန်း၊ ငါးခုံးမကြီးမျိုးစိတ်ကောင်ရေ တစ်သိန်းခွဲ၊ စုစုပေါင်း ငါးမျိုးစိတ်ကောင်ရေ သုံးသိန်းခွဲအား တပျော်တပါး စိုက်ထည့်ပေးခဲ့ကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီးငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ပြည်သူများ ငါးစားသုံးရာတွင် ငါးသယံဇာတဖူလုံစေရန်၊ ရေရှည်ငါးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရန် ၊ ဆင်းရဲနွမ်းပါးမှု ပပျောက်စေရန်နှင့် ငါးထုတ်လုပ်မှုတိုးတက်မြင့်မားပြီး ဒေသခံ ကျေးလက်နေပြည်သူများနှင့် ရေလုပ်သားများ မိသားစုဝင်ငွေတိုးလုပ်ငန်းများ ဆောင်ရွက်လုပ်ကိုင်နိုင်ရန် စသည့် ရည်ရွယ်ချက်များဖြင့် တိုင်းဒေသကြီးအတွင်းရှိ မြစ်ချောင်းများ၊ ဆည်ကန်များ၊ စပါးစိုက်လယ်မြေများနှင့် ပွင့်ဖြူမြို့နယ် ကြီးအုံကြီးဝတမံအတွင်း ငါးမျိုးစိတ်စိုက်ထည့်ခြင်းများကို နှစ်စဉ် ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။
ရဲဝင်းနိုင် (ညောင်ဦး)


