မကွေး အောက်တိုဘာ ၃
မကွေးတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနက စီစဉ်ဖွင့်လှစ်သည့် ခရိုင်အဆင့် ရှာဖွေကယ်ဆယ်ရေး သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၈ နာရီက မကွေးတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနတွင် ကျင်းပပြုလုပ်ရာ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင် တက်ရောက်အမှာစကား ပြောကြားသည်။
ဦးစွာ ဝန်ကြီးချုပ်က အမှာစကား ပြောကြားရာ မျက်မှောက်ခေတ်ကာလမှာ ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှု ဖြစ်စဉ်များကြောင့် မြန်မာနိုင်ငံမှာသာမက ကမ္ဘာ့နိုင်ငံအသီးသီးတွင် ငလျင်ဘေးအန္တရာယ် အပါအဝင် သဘာဝဘေးအန္တရာယ်များ မကြာခဏ ဖြစ်ပေါ်ကြုံတွေ့နေရသည့်အတွက် ခေတ်မီအဆင့်မြင့် ရှာဖွေကယ်ဆယ်ရေးသုံး ပစ္စည်းကိရိယာများကို ကျွမ်းကျင်ပိုင်နိုင်စွာဖြင့် စနစ်တကျ ကိုင်တွယ်ထိန်းသိမ်း အသုံးပြုတတ်စေရန်နှင့် အဆင့်မြင့်ရှာဖွေကယ်ဆယ်ရေး နည်းစနစ်များကို လက်တွေ့လေ့ကျင့်သင်ကြားပေးနိုင်ရန် ရည်ရွယ်ဖွင့်လှစ်ပေးရခြင်း ဖြစ်ကြောင်း၊ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းသည် မီးသတ်တပ်ဖွဲ့၏ တာဝန်တစ်ခုဖြစ်သည့်အတွက် နိုင်ငံတော်အတွင်း သဘာဝဘေးအန္တရာယ်များ အပါအဝင် အခြားသော ရုတ်တရက်ဖြစ်ပွားတတ်သော ဘေးအန္တရာယ်များ ကြုံတွေ့ရပါက အလျင်အမြန်တုံ့ပြန်ဆောင်ရွက်နိုင်ပြီး ထိခိုက်ပျက်စီးဆုံးရှုံးမှု နည်းပါးသည်ထက် နည်းပါးစေရန် ကြိုတင်မျှော်မှန်း၍ တိုင်းဒေသကြီး/ ပြည်နယ်၊ ခရိုင်၊ မြို့နယ်များအလိုက် ယခုလို ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သင်ကြားလေ့ကျင့်ပေးရခြင်း ဖြစ်ကြောင်း၊ မီးသတ်တပ်ဖွဲ့ဝင်များ အနေဖြင့် ယခင်ကလို မီးဘေးလုံခြုံရေးလုပ်ငန်းများဖြစ်သည့် မီးသတိမူရေး၊ မီးဘေးကြိုတင်ကာကွယ်ရေးနှင့် မီးငြှိမ်းသတ်ရေးလုပ်ငန်းများ ဆောင်ရွက်ရုံဖြင့် မလုံလောက်တော့ဘဲ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများကိုပါ ထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်စေရန် ခေတ်ကာလနှင့် လျော်ညီသော ရှာဖွေကယ်ဆယ်ရေး နည်းစနစ်များကို သင်တန်းသားများအနေဖြင့် စနစ်တကျ လေ့လာသင်ယူသွားကြရန် လိုအပ်ကြောင်း၊ သင်တန်းကာလအတွင်းမှာ သင်တန်းသားများအနေဖြင့် သင်တန်းကချမှတ်ထားသည့် စည်းမျဉ်း၊ စည်းကမ်း၊ အမိန့်နှင့် ညွှန်ကြားချက်များကို လိုက်နာကြရန်နှင့် သင်တန်းနည်းပြများကလည်း လေ့ကျင့်ချိန်များတွင် မတော်တဆ ထိခိုက်မှုများ မဖြစ်ပွားအောင် ဂရုစိုက်ကြပ်မတ်ကြရန် မှာကြားလိုကြောင်း ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်၊ အစိုးရအဖွဲ့ ဝန်ကြီးများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ခေတ်မီရှာဖွေကယ်ဆယ်ရေး ပစ္စည်းကိရိယာများ ခင်းကျင်းပြသထားရှိမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းကို အောက်တိုဘာ ၃ ရက်မှ ၁၄ ရက်အထိ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ပရဟိတလူမှုရေး အသင်းအဖွဲ့ဝင်များ၊ ကြက်ခြေနီအသင်းအဖွဲ့ဝင်များ စုစုပေါင်း ၅၀ တက်ရောက်သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ချမ်းသာ(ပြန်/ဆက်)