မကွေး ၁၁ မတ်

 

မကွေးမြို့ရှိ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုနေသည့် စာစစ်ဌာနများတွင် ကျောင်းသား ကျောင်းသူများ ဖြေဆိုနေမှု အခြေအနေများကို ယနေ့နံနက်ပိုင်းက မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုကာ လိုအပ်သည်များ ဖြည့်ဆည်းမှာကြားသည်။

 

မကွေးတိုင်းဒေသကြီးအတွင်း ယခုနှစ်တွင် စာစစ်ဌာန ၂၀၇ ခု၌ စာရင်းရှိ ကျောင်းသား ကျောင်းသူ စုစုပေါင်း ၉၅၀၉၁ ဦးရှိပြီး ၂၀၁၉ ခုနှစ်က စာစစ်ဌာန ၁၇၈ ခုရှိခဲ့သဖြင့် ယခုနှစ်တွင် စာစစ်ဌာန ၂၉ ခုတိုးလာခဲ့သည်။ ယနေ့ စတင်ဖြေဆိုသည့် မြန်မာစာနေ့တွင် ကျောင်းသား ကျောင်းသူ စုစုပေါင်း ၉၀၇၂၁ ဦး ဝင်ရောက်ဖြေဆို၍ ဖြေဆိုရန် ပျက်ကွက်သူ ၄၃၇၀ ဦးရှိပြီး ၉၅ ဒသမ ၄၀ ရာခိုင်နှုန်း ဖြေဆိုခဲ့ကြောင်း သိရသည်။

 

တိုင်းဒေသကြီးအတွင်းရှိ စာစစ်ဌာနအသီးသီးတွင် ကျောင်းသား ကျောင်းသူများ စာမေးပွဲဖြေဆိုရာတွင် အခက်အခဲမရှိ အဆင်ပြေချောမွေ့စွာ ဖြေဆိုနိုင်ရေးအတွက် ကျောင်းသား ကျောင်းသူများ ယာဉ်အန္တရာယ် ကင်းဝေးစေရေး ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ စီစဉ်ဆောင်ရွက်ထားရှိပြီး စာမေးပွဲဖြေဆိုနေချိန်အတွင်း ကျောင်းသား ကျောင်းသူများ အေးချမ်းစွာဖြေဆိုနိုင်ရန် အပြင်စည်းလုံခြုံရေးအတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရဲတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများမှ တာဝန်ယူ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

သန်းနိုင်ဦး(ငဖဲ)