အထက်မင်းလှ ဇန်နဝါရီ ၃၀

 

မင်းလှမြို့ နယ်သဖန်းချောင်း‌‌ကျေးရွာတွင် တိုင်းဒေသကြီး အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဒေသတစ်ခု ထုတ်ကုန်တစ်ခု (One Region One Product) အစီအစဉ်ဖြင့် ဖွင့်လှစ်ခဲ့သည့် လက်ရက်ကန်းဒီဇိုင်း တီထွင်ဆန်းသစ်မှု နည်းပညာသင်တန်း၊ သဘာဝဆိုး‌ဆေးနှင့် Eco Printing သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက သဖန်းချောင်းကျေးရွာ အောင်သပြေဘက်စုံသုံးခန်း၌ ကျင်းပရာ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ တက်ရောက်ကြသည်။

 

ဦးစွာ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်က သင်တန်းဆင်းအမှာစကား ပြောကြားပြီး တိုင်းဒေသကြီး အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ညွှန်ကြား‌ရေးမှူး ဒေါ်စုစုခိုင်က ဒေသတစ်ခု ထုတ်ကုန်တစ်ခု (One Region One Product) အစီအစဉ်ဖြင့် ဖွင့်လှစ်ခဲ့သည့် သင်တန်းများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့သည်။ ထို့‌‌နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မိုးမင်းသိန်း၊ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်တို့က သင်တန်းတွင် ထူးချွန်သည့် သင်တန်းသူများအား ရက်ကန်းစင်များ ပေးအပ်ကာ သင်တန်းသူတစ်ဦးနှင့် ရပ်မိရပ်ဖတစ်ဦးတို့က ကျေးဇူးတင်စကားပြောကြားသည်။ ယင်းနောက် ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် လက်ရက်ကန်းဒီဇိုင်း တီထွင်ဆန်းသစ်မှု နည်းပညာသင်တန်း၊ သဘာဝဆိုးဆေးနှင့် Eco Printing သင်တန်းဆင်းပွဲ ဒေသထွက်ကုန်များဖြစ်သည့် လက်ရက်ကန်းဖြင့် ရက်လုပ်ထားသော ချည်ထည်များ၊ သဘာဝဆိုးဆေးပြုလုပ်သည့် ပစ္စည်းများ၊ ရက်ကန်းစင်များ ခင်းကျင်းပြသထားမှုများအား ကြည့်ရှု၍ ဒေသခံပြည်သူများ၏ လက်ရက်ကန်း ရက်လုပ်နေမှုအား ကြည့်ရှုအားပေးသည်။

 

ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် သဖန်းချောင်းကျေးရွာ၌ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် နိုင်ငံတော် မတည်ရန်ပုံငွေနှင့် ပြည်သူထည့်ဝင်ငွေတို့ဖြင့် ဆောင်ရွက်ထားရှိသည့် နေအိမ်သုံး ဇီဝဓာတ်ငွေ့ကန် တည်ဆောက်ထားရှိမှုနှင့် သုံးစွဲမှုအခြေအနေများ၊ နွား‌မွေးမြူထားရှိမှုများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များအား လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

 

ဇာဇာ(အထက်မင်းလှ)