မကွေး အောက်တိုဘာ ၂၆

 

မကွေးတိုင်းဒေသကြီး၏ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် (၆) လ ဒေသန္တရ စီမံကိန်း ရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲ အခမ်းအနားကို အောက်တိုလာ ၂၅ ရက် မွန်းလွဲ ၁ နာရီက တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင် တက်ရောက်၍ တိုင်းဒေသကြီးအတွင်းရှိ ခရိုင် (၅) ခရိုင်မှ ခရိုင်အုပ်ချုပ်ရေးမှူးများထံ ၂၀၂၁-၂၀၂၂ ဘဏ္ဍာ နှစ် (၆) လ ဒေသန္တရ စီမံကိန်း ရည်မှန်းချက်များ တာဝန်ပေးအပ်ခဲ့သည်။

 

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်က နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတော်၏ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ကာလတို၊ ကာလရှည် စီမံကိန်းများ ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယခင်က ဘဏ္ဍာနှစ်ကို အောက်တိုဘာ ၁ ရက်နေ့မှ စက်တင်ဘာ ၃၀ ရက်နေ့အထိ သတ်မှတ်ခဲ့ပြီး၊ လာမည့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ဧပြီလ ၁ ရက်နေ့မှ မတ်လ ၃၁ ရက်နေ့အထိ ပြင်ဆင်သတ်မှတ်မည် ဖြစ်သည့်အတွက် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် (၆) လ ဒေသန္တရ စီမံကိန်းကို ဖြည့်စွက်ရေးဆွဲ အကောင်အတည်ဖော် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဒေသန္တရစီမံကိန်း ရည်မှန်းချက်များကို နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီမှ ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ် (၅) ရပ်၊ ဦးတည်ချက် (၉) ရပ်နှင့် မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း (MSDP) ၏ ပန်းတိုင်များ၊ မဟာဗျူဟာများနှင့်အညီ လုပ်ငန်းစဉ်များကို ရေးဆွဲထားခြင်းဖြစ်ကြောင်း၊ မကွေးတိုင်းဒေသကြီးအနေဖြင့် လယ်ယာကဏ္ဍ၊ စက်မှုကဏ္ဍနှင့် ကုန်သွယ်မှုကဏ္ဍများ၏ ပါဝင်မှုအချိုးအစားမှာ အများဆုံးဖြစ်သည့်အတွက် လယ်ယာကဏ္ဍ တိုးတက်မှုရရှိရန် ရည်မှန်းထားသည့် စိုက်ဧကပြည့်မီရေး၊ အထွက်နှုန်းအမှန် တိုးတက်ရရှိစေရေး သွင်းအားစုများ အချိန်အခါနှင့်အညီ အပြည့်အဝ အသုံးချနိုင်ရေးကို ဆောင်ရွက်ကြဖို့ လိုအပ်မှာဖြစ်ကြောင်း၊ သို့မှသာ လယ်ယာကဏ္ဍတိုးတက်ပြီး လယ်ယာကဏ္ဍကို အခြေခံသည့် စက်မှုကဏ္ဍလည်း တိုးတက်လာမှာဖြစ်ကြောင်း၊ တိုင်းဒေသကြီး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရာမှာ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး၊ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း MSMEs (Micro Small & Medium Enterprises) လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကိုလည်း တစ်ပြိုင်နက်တည်း အလေးထား ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ ဌာန/ အဖွဲ့အစည်းများကလည်း တိုင်းဒေသကြီး စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေး ကော်မတီနှင့် နှစ်စကတည်းက အားသွန်ခွန်စိုက် ကြိုးပမ်းအကောင်အထည်ဖော် ပေးကြဖို့နှင့် ပြည်သူများ အမှန်တကယ် လိုအပ်ချက်ဖြစ်သည့် ပြည်သူဗဟိုပြု ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းများကို ယခင်နှစ်များကထက် ပိုမိုဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ပေးကြရန် မှာကြားကာ တိုင်းဒေသကြီးအတွင်းရှိ ခရိုင် (၅) ခရိုင်မှ ခရိုင်အုပ်ချုပ်ရေးမှူးများထံ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် (၆) လ ဒေသန္တရစီမံကိန်း ရည်မှန်းချက်များ တာဝန်ပေးအပ်ခဲ့သည်။

 

mdn

 

ဆက်လက်ပြီး မကွေးတိုင်းဒေသကြီး၏ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် (အောက်တိုဘာလမှ စက်တင်ဘာလ) ဒေသန္တရစီမံကိန်း ရည်မှန်းချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှု အခြေအနေနှင့် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် (၆) လ ဒေသန္တရစီမံကိန်း ရည်မှန်းချက်များနှင့် ပတ်သက်၍ တိုင်းဒေသကြီး စီမံကိန်းရေးဆွဲရေး ဦးစီးဌာန ညွှန်ကြားရေးမျူး ဦးသက်နိုင်က ရှင်းလင်းတင်ပြခဲ့သည်။

 

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် (အောက်တိုဘာလမှ မတ်လ) အထိ (၆) လ ဒေသန္တရစီမံကိန်းသည် ဒေသများဖွံ့ဖြိုးတိုးတက်ရန် ရည်မှန်းချက် အရှိန်အဟုန်ဖြင့် ဆောင်ရွက်သွားကြရမှာ ဖြစ်ပြီး ဒေသန္တရ စီမံကိန်းရည်မှန်းချက်များကို ရာနှုန်းပြည့်မီအောင် အားထုတ်ကြိုးပမ်း ဆောင်ရွက်ကြရန် နိဂုံးချုပ် မှာကြားဆောင်ရွက်ခဲ့သည်။

 

မောင်ညီညာ(မကွေး)

 

mdn