မကွေး ဒီဇင်ဘာ ၃
မကွေးတိုင်းဒေသကြီး၊ အသေးစား စက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနမှ အသေးစား ကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေ မိသားစုဝင်ငွေတိုးရေးစီမံကိန်း လုပ်ငန်းသုံးပစ္စည်း ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက အဆိုပါရုံးရှိ သင်တန်းခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး ဥပဒေချုပ်၊ တိုင်း၊ ခရိုင်၊ မြိုနယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်သည်။
ဦးစွာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က အမှာစကားပြောကြားရာတွင် အသေးစား စက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနအနေဖြင့် နည်းပညာသင်တန်းများ ဖွင့်လှစ်ပေးခြင်းဖြင့် မိသားစု တစ်ပိုင်တစ်နိုင် အသေးစားစီးပွားရေးလုပ်ငန်းများ ထူထောင်လာနိုင်မည်ဖြစ်ပြီး နိုင်ငံစီးပွားရေး ဖွံဖြိုးတိုးတက်မှုတွင် အဓိကမောင်းနှင်အားဖြစ်သော MSME လုပ်ငန်းများလည်း ပေါ်ထွန်းလာမည်ဖြစ်ပါကြောင်း၊ ထိုကြောင့် နိုင်ငံစီးပွားဖွံဖြိုးတိုးတက်ရေးအတွက် အခြေခံကျပြီး အရေးပါသော လုပ်ငန်းများဖြစ်သည့် MSME လုပ်ငန်းများ ဖွံဖြိုးတိုးတက်စေရန်အတွက် ဒေသတွင်း ပေါများစွာထွက်ရှိသည့် ကုန်ကြမ်းများအား အခြေခံ၍ တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရန် လိုအပ်ပါကြောင်း၊ ဒေသတစ်ခု၊ ထုတ်ကုန်တစ်ခု ပေါ်ထွန်းလာစေပြီး မိသားစုတစ်ပိုင်တစ်နိုင် လုပ်ငန်းများမှတစ်ဆင့် အငယ်စားနှင့် အလတ်စားလုပ်ငန်းများ ချဲ့ထွင်နိုင်ပြီး ပြည်တွင်းပြည်ပ ဈေးကွက်များသို တင်ပိုရောင်းချလာနိုင်စေရန်၊ သွင်းကုန်အစားထိုး လုပ်ငန်းများ ထုတ်လုပ်လာနိုင်စေရန်နှင့် မိသားစုဝင်ငွေ တိုးတက်မှု ရရှိလာစေရန် စသည့် ရည်ရွယ်ချက်များဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း။
၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်မှစ၍ အသေးစားကုန်ထုတ် လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေ မိသားစုဝင်ငွေတိုးရေး စီမံကိန်းကို မကွေးတိုင်းဒေသကြီးအတွင်းရှိ ကျေးရွာပေါင်း (၉)ရွာတွင် သင်တန်းများဖွင့်လှစ်၍ လုပ်ငန်းရှင် (၄၅)ဦးကို လုပ်ငန်းသုံးပစ္စည်းများ သုံးစွဲခွင့်ပေးအပ်၍ ကိုယ်ပိုင်လုပ်ငန်းများ ထူထောင်နိုင်သည်အထိ ဆောင်ရွက်ပေးခဲ့ကြောင်း၊ ယခု ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင်လည်း အဆိုပါ ဝင်ငွေတိုးစီမံကိန်းကို မကွေးတိုင်းဒေသကြီးတွင် ကျေးရွာ (၁၆)ရွာရွေးချယ်၍ စီမံကိန်း(၁၆)ခု ဆောင်ရွက်ခဲ့ရာ ယခုအခါ စီမံကိန်း(၁၄)ခု ဆောင်ရွက်ပြီးစီးပြီး လုပ်ငန်းထူထောင်သူ (၇၀)ဦးအား မွေးထုတ်ပေးနိုင်ခဲ့ကြောင်း၊ မကွေးတိုင်းဒေသကြီးအတွင်း ဆောင်ရွက်ခဲ့သည့် မော်တော်ဆိုင်ကယ် ပြင်သင်တန်းနှင့် စက်ချုပ်သင်တန်းမှ သင်တန်းသား/ သင်တန်းသူ (၁၀)ဦးကို လုပ်ငန်းသုံးပစ္စည်းများ ပေးအပ်ခြင်းဖြစ်ပြီး ပေးအပ်ထားသည့် လုပ်ငန်းသုံးပစ္စည်းများကို အကျိုးရှိရှိ အသုံးချ၍ မိမိဒေသအတွင်းရှိ ပြည်သူများ ဝင်ငွေတိုးပွားကာ လူနေမှုအဆင့်အတန်း မြင့်မားအောင် ကြိုးစားဆောင်ရွက်ကြရင်း ကျေးရွာ၊ ဒေသဖွံဖြိုးတိုးတက်အောင် ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် မကွေးတိုင်းဒေသကြီး၊ အသေးစား စက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်စုစုခိုင်က အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေ မိသားစုဝင်ငွေ တိုးပွားရေး စီမံကိန်းနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲဝင် ဝန်ကြီးများက လုပ်ငန်းထူထောင်မည့် သင်တန်းသား၊ သင်တန်းသူများအား လုပ်ငန်းသုံးပစ္စည်းများ ပေးအပ်ချီးမြှင့်ခဲ့ပြီး လုပ်ငန်းထူထောင်မည့် သင်တန်းသားများကိုယ်စား သင်တန်းသူတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကာ အခမ်းအနားအပြီးတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ခင်းကျင်းပြသထားသည့် လုပ်ငန်းသုံးပစ္စည်းများအား လှည့်လည် ကြည့်ရှုခဲ့ကြောင်း သိရသည်။
မောင်ညီညာ