မင်းဘူး ဇွန် ၂၁
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်လင်း၊ သယံဇာတရေးရာဝန်ကြီး ဦးစိုင်းမြင့်အေးတို့နှင့်အတူ တိုင်း/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါလျက် ဇွန် ၂၁ ရက် နံနက်ပိုင်းက မင်းဘူးခရိုင်၊ မင်းဘူး (စကု)မြို့နယ်၊ ကိုင်းတောလေးကျေးရွာ အရှေ့ကွင်း၌ အဆင့်မြင့် လယ်ယာမြေ စံပြစိုက်ခင်း ၁၂ ဧက ဖော်ဆောင်နေမှုအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။
ဦးစွာ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တာဝန်ရှိသူများအဖွဲ့သည် မင်းဘူး(စကု)မြို့နယ်၊ ဆင်ခေါင်းကျေးရွာရှိ “မေသန့်” သောက်ရေသန့်စက်ရုံသို့ ရောက်ရှိပြီး စက်ရုံတာဝန်ရှိသူများက စက်ရုံအတွင်း လုပ်သားဝန်ထမ်းအင်အား ၂၀ ကျော်ဖြင့် လုပ်ငန်းလည်ပတ် ဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြခဲ့ပြီးနောက် စက်ရုံအတွင်း၌ 0.6 Litre ၊ 1 Litre နှင့် 20 Litre ရေသန့်ဗူး အမျိုးမျိုးကို ခေတ်မီရေသန့်စင်စက်ကြီးများဖြင့် ရေသန့်ထုတ်လုပ်ပုံအဆင့်ဆင့်နှင့် စနစ်တကျထုတ်ပိုး ရောင်းချနေမှုများကို ကြည့်ရှုလေ့လာခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကိုင်းတောလေးကျေးရွာ အရှေ့ကွင်းရှိ ကွင်းအမှတ် (၁၂၈၄)၊ တောင်သူ ဒေါ်သန်းသန်းဌေး၏ ယာမြေဧရိယာ ၁၃ ဒသမ ၇၃ ဧကသို့ သွားရောက်၍ အဆင့်မြင့်လယ်ယာမြေ ဖော်ဆောင်နေမှုအား ကြည့်ရှုစစ်ဆေးရာ မြို့နယ်စိုက်ပျိုးရေး ဦးစီးမှူးနှင့် တာဝန်ရှိသူများက အဆိုပါယာမြေအား အဆင့်မြင့် စက်မှုလယ်ယာမြေအဖြစ် အဆင့်မြှင့်တင် ဖော်ထုတ်ဆောင်ရွက်နေမှု၊ ဆောင်ရွက်ထားရှိမှုနှင့် စိုက်ပျိုးရေရရှိရေး ဆိုလာစနစ်ဖြင့် စက်ရေတွင်း ဆောင်ရွက်သွားမည့် လုပ်ငန်းအစီအမံများနှင့် ရေရှိမှုအပေါ်မူတည်၍ မိုးစပါး၊ မြေပဲ၊ ပဲတီစိမ်း၊ နေကြာနှင့် နွေနှမ်းသီးနှံများကို ရာသီအလိုက် နှစ်ပတ်လည်လုံး စိုက်ပျိုးဆောင်ရွက်သွားမည့် အခြေအနေများကို ရှင်းလင်းတင်ပြခဲ့သည်။
ရှင်းလင်းတင်ပြမှုအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က စိုက်ပျိုးရေးလုပ်ငန်းများကို ခေတ်မီစိုက်ပျိုးနည်းစနစ်များဖြင့် ဒေသတွင်း စိုက်ပျိုးရေးကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်စေရန်အတွက် မင်းဘူး(စကု)မြို့နယ်အတွင်း ပထမဆုံး အဆင့်မြင့် စက်မှုလယ်ယာမြေအဖြစ် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုနှင့်အတူ ဒေသခံတောင်များ ရာသီမရွေး စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး နေရောင်ခြည်စွမ်းအင်သုံး ဆိုလာစက်ရေတွင်း နှစ်တွင်း၊ ရေလှောင်ကန်၊ ကွန်ကရစ်ရေမြောင်းနှင့် ကုန်ထုတ်လမ်းများအပါအဝင် တောင်သူအကျိုးပြုလုပ်ငန်းများကို သက်ဆိုင်ရာဌာနများမှ နည်းပညာများပံ့ပိုးကူညီပြီး အဆင့်မြှင့်တင် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ၎င်းယာမြေအား ယခုကဲ့သို့ အဆင့်မြင့်လယ်ယာမြေ စံပြစိုက်ခြင်းအဖြစ် ဖော်ဆောင်ရွာတွင် မြေဆီလွှာကောင်းမွန်စေရေး ယာမြေများအတွင်း သစ်စမ်းမြေဩဇာ ပိုက်ဆံလျော် ထည့်သွင်းစိုက်ပျိုးပြီး မြေအစိုဓာတ်ကို တာရှည်ခံထိန်းသိမ်းနိုင်အောင် ဆောင်ရွက်ပါက သီးနှံစိုက်ပျိုးရာတွင် များစွာအထောက်အကူ ပြုစေမှာဖြစ်ကြောင်း၊ တောင်သူများအနေဖြင့် ယခုလိုဆောင်ရွက်ပေးမှုအပေါ် စံနမူနာယူ၍ စံပြလုပ်ငန်းတစ်ခုအဖြစ် ရေရှည်တည်တံ့ ရပ်တည်နိုင်အောင် စနစ်တကျ စိုက်ပျိုးထိန်းသိမ်း ဆောင်ရွက်သွားစေလိုကြောင်း မှာကြားပြီး လိုအပ်သည်များကို သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မောင်မောင်(မင်းဘူး)