မကွေး မတ် ၂၂

 

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးတင့်လွင်သည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်ကျော်လင်း၊ လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်နှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ပွင့်ဖြူမြို့နယ်၊ ကျောင်းတော်ရာဘုရားသို့ ရောက်ရှိခဲ့ပြီး ဘုရားရင်ပြင်တော်တွင် နေပူခံကျောက်ပြား ခင်းကျင်းဆောင်ရွက်နေမှု အခြေအနေအား ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများ၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြမှုအပေါ် လိုအပ်သည်များ မှာကြားဆောင်ရွက်ခဲ့သည်။

 

ဆက်လက်၍ ကျောင်းတော်ရာ နယ်မြေမီးသတ်စခန်းသို့ ဝင်ရောက်စစ်ဆေးခဲ့ပြီး မီးသတ်ကား စက်ပစ္စည်များ ကောင်းမွန်စေရေး၊ ဆီ၊ ရေ၊ လူ အသင့်ဖြစ်နေစေရေးနှင့် မီးသတ်ကားများတွင် တပ်ဆင်ထားရှိသည့် မီးငြှိမ်းသတ်ရာတွင် အသုံးပြုသော ပန့်များကောင်းမွန်စေရေးတို့အတွက် ပြင်ဆင်ဆောင်ရွက်ထားရှိရန် မှာကြားပြီး မီးသတ်ယာဉ်များ စက်ကောင်းမွန်မှု ရှိ/မရှိ စမ်းသပ်စစ်ဆေးမှုများ ဆောင်ရွက်သည်။

 

ဆက်လက်ပြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လယ်ကိုင်းကျေးရွာတွင် တည်ဆောက်လျက်ရှိသည့် မီးသတ်စခန်းအားလည်းကောင်း၊ ရွှေပြည်အေးဘုရားဓမ္မာရုံ ပြန်လည်ပြုပြင် တည်ဆောက်ပြီးစီးမှု အခြေအနေများအားလည်းကောင်း ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ မှာကြားဆောင်ရွက်ခဲ့သည်။

 

ထိုမှတစ်ဆင့် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် မင်းဘူး(စကု)မြို့နယ်၊ တောဘို့ကုန်း ကျေးရွာတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တည်ဆောက်လျက်ရှိသည့် ပွေးကျစ်လက်တံမြောင်း ကုန်ထုတ်လမ်းဖောက်လုပ်ပြီးစီးမှု အခြေအနေအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး တောင်သူများနှင့်တွေ့ဆုံကာ လမ်းများ ရေရှည်ကောင်းမွန်စေရေး ထိန်းသိမ်းဆောင်ရွက်ကြရန်နှင့် ဆည်ရေများရယူရာတွင် အလေအလွင့်မရှိအောင် ရယူကြရန်၊ ဆီအထွက်တိုးတက်ရေးအတွက် တောင်သူများအနေဖြင့် ပဲအမျိုးမျိုးစိုက်ပျိုးရာတွင် နေကြာအား သီးညှပ်စိုက်ပျိုးခြင်းဖြင့် ပြည်ပမှ စားသုံးဆီများ တင်သွင်းနေရခြင်းကို လျော့ချနိုင်အောင် ကူညီဆောင်ရွက်ပေးကြရန် မှာကြားဆောင်ရွက်ခဲ့သည်။

 

ဆက်လက်ပြီး ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မင်းဘူး(စကု)မြို့နယ်၊ ကျောက်စံကျေးရွာသို့ ရောက်ရှိပြီး နွေစပါးစိုက်ပျိုးနိုင်ရေးအတွက် ပျိုးထောင်ထားရှိမှုအခြေအနေနှင့် စက်များဖြင့် နေကြာရိတ်သိမ်းချွေလှေ့နေမှုအား ကြည့်ရှုအားပေးခဲ့ပြီး တောင်သူများ၏ လုပ်ငန်းလိုအပ်ချက်များနှင့် ပတ်သက်၍ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

မောင်ညီညာ