အထက်မင်းလှ မေ ၂
မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်သည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ယနေ့ နံနက် ၉ နာရီက မင်းလှမြို့၊ မြို့နယ်ခန်းမ၌ ကျင်းပပြုလုပ်သည့် ၂၀၂၂-၂၀၂၃ ခုနှစ် စိုက်ပျိုးရာသီအတွင်း ဆီထွက်သီးနှံနေကြာများ အောင်မြင်စွာ တိုးချဲ့စိုက်ပျိုးနိုင်ရေး၊ စားသုံးဆီ ဖူလုံစေရေးတို့အတွက် မိုးနေကြာမျိုးစေ့ အခမဲ့ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်၍ နေကြာမျိုးစေ့များ ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြားပြီး မင်းလှမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသန်းညွန့်မောင်က ၂၀၂၂-၂၀၂၃ ခုနှစ် လယ်ယာကဏ္ဍ သီးနှံစိုက်ပျိုးထုတ်လုပ်မှုနှင့် နေကြာသီးနှံစိုက်ပျိုးရန် ဆောင်ရွက်ထားရှိမှုအား ရှင်းလင်းတင်ပြခဲ့သည်။
ထို့နောက် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ရန်ပုံငွေဖြင့် ဝယ်ယူသည့် ၂၀၂၂-၂၀၂၃ ခုနှစ် မိုးနေကြာမျိုးစေ့များအား ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများက မင်းလှမြို့နယ်တွင် မိုးနေကြာစိုက်ပျိုးနိုင်ရန်အတွက် တောင်သူများထံသို့ နေကြာမျိုးစေ့များ အခမဲ့ ထောက်ပံ့ပေးခဲ့သည်။
မင်းလှမြို့နယ်၌ ကျေးရွာအုပ်စု ၆၃ အုပ်စုရှိရာ မိုးနေကြာ ၂၅၁၂ ဧက၊ ဆောင်းနေကြာ ၆၀၀၂ ဧက စုစုပေါင်း ၈၅၁၄ ဧကတွင် နေကြာစိုက်ပျိုးရန် လျာထားပြီး မိုးနေကြာစိုက်ပျိုးရန် ၂၅၁၂ ဧကမှ သီးညှပ်ဧက ၁၄၆၇ ဧကအတွက် တစ်ဧကလျှင် နေကြာမျိုး(၁)ပြည်နှုန်း ထောက်ပံ့ပေးခြင်းဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ဇာဇာ(အထက်မင်းလှ)