မင်းဘူး မေ ၁၈
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်ရှိ မန်းရွှေစက်တော်ဘုရား အောက်စက်တော်ရာ ရင်ပြင်၌ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ထားရှိမှုနှင့် ငဖဲမြို့နယ်ရှိ ရင်းရှည် ရေလှောင်တမံ ရေဝင်ရောက်မှု အခြေအနေများကို မေ ၁၇ ရက် နံနက်ပိုင်းက မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်နှင့်အတူ ဗိုလ်မှူးချုပ် စိုးတင်လတ်၊ ဗိုလ်မှူးချုပ် မျိုးသန့်၊ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက သွားရောက်ကြည့်ရှု စစ်ဆေးခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မန်းရွှေစက်တော်သို့ ရောက်ရှိပြီး မန်းချောင်းအတွင်း မန်းချောင်းရေစီးဆင်းနေမှုနှင့် အောက်စက်တော်ရာ ရင်ပြင်၌ သန့်ရှင်းရေး ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးသည်။ ထို့နောက် ဘုရားပရဝုဏ်အတွင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက်ရှိ နယ်မြေခံ တပ်မတော်သားများ၊ ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် ဘုရားဝန်ထမ်းများက စုပေါင်းသန့်ရှင်းရေးလုပ်ငန်း ဆက်လက်ဆောင်ရွက်နေမှုများကို ကြည့်ရှုအားပေးကာ မန်းရွှေစက်တော်ဘုရား သန့်ရှင်းသာယာလှပစေရေးနှင့် သဘာဝဘေးနှင့်ပတ်သက်ပြီး ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွားရန် မှာကြားဆောင်ရွက်ခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မန်းရွှေစက်တော်ဘုရား အထက်စက်တော်ရာ ပထမ ရွှေစေတီတော်အား သွားရောက်ဖူးမြော်ကြည်ညိုပြီး ပန်း၊ ဆီမီး၊ ရေချမ်းနှင့် ရွှေသင်္ကန်းများ ကပ်လှူပူဇော်ခဲ့ကြသည်။
ထိုမှတစ်ဆင့် မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ငဖဲမြို့နယ်ရှိ ရင်းရှည်ရေလှောင်တမံသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ရှင်းလင်းဆောင်တွင် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ရှိသူများက ရှင်းလင်းတင်ပြရာ ရင်းရှည်ရေလှောင်တမံသည် ငဖဲမြို့နယ်၊ ပဒါန်းကျေးရွာအနီး၊ ပဒါန်းချောင်းပေါ်တွင် တည်ရှိပြီး ၂၀၀၉ ခုနှစ်က စတင်ဖွင့်လှစ်ခဲ့ပါကြောင်း၊ အဆိုပါတမံ၏ ကန်ရေပြည့် ရေလှောင်ပမာဏမှာ ၂၆၀၀ ဧကပေ၊ အမြင့်ပေ ၅၀၊ အလျားပေ ၅၀၀ ရှိပြီး မြေသားတမံအမျိုးအစားဖြစ်ကာ ငဖဲမြို့နယ်အတွင်းမှ စိုက်ဧက (၅၀၀)ကို စိုက်ပျိုးရေများ ပြည့်ဝစွာ ပေးဝေလျက်ရှိပါကြောင်း၊ စိုင်ကလုန်းမုန်တိုင်း “မိုခါ” အရှိန်ကြောင့် ယခုလ ၁၃ ရက်နှင့် ၁၄ ရက်နေ့များတွင် မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး တောင်ကျရေများ အရှိန်အဟုန်ဖြင့် စီးဆင်းဝင်ရောက်ခဲ့မှုကြောင့် တမံအတွင်း ရေပြည့်ကာ အမြင့်ဆုံးရေအမှတ်သို့ ရောက်ရှိခဲ့ပြီး ပင်မရေပိုလွှဲမှ ၇ ဒသမ ၁ ပေနှင့် အကူရေပိုလွှဲမှ ၆ ဒသမ ၁ ပေ ရေကျော်စီးဆင်းခဲ့ပါကြောင်း၊ ရေကျော်စီးဆင်းမှုများကြောင့် တမံအောက်ရှိ ကျေးရွာမှ ဒေသခံပြည်သူများ ရေဘေးအန္တရာယ် မကျရောက်စေရေး သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ချိတ်ဆက်ပြီး အဆင့်ဆင့် အသိပေးကြေညာကာ ရေဘေးလွတ်ကင်းရာသို့ ကြိုတင်ပြောင်းရွှေ့စေခဲ့ပါကြောင်း၊ ဆက်လက်ပြီး ရေလှောင်တမံ ကြံ့ခိုင်ကောင်းမွန်ရေး လုပ်ငန်းများကို စက်ယန္တရားများအပြင် နယ်မြေခံတပ်မတော်သားများ၊ ဆည်/မြောင်းဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်များက ဒေသခံများနှင့်အတူ အချိန်မီပြီးစီးအောင် ဆောင်ရွက်ပေးနိုင်ပါကြောင်း စသည်ဖြင့် ရှင်းလင်းတင်ပြမှုများအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က သဘာဝဘေးနှင့်ပတ်သက်ပြီး ရေလှောင်တမံ ကြံ့ခိုင်ကောင်းမွန်ရေး၊ ကြိုတင်ကာကွယ်ရေးနှင့် တမံအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သည်များကို ပေါင်းဆပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မောင်မောင်(မင်းဘူး)