မကွေး ဇွန် ၂၂

 

မကွေးတိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီမှ ကြီးမှူးကျင်းပသည့် အကြိမ်(၃၀)နှင့်အထက် သွေးလှူရှင်များ ဂုဏ်ပြုပွဲအခမ်းအနားကို ဇွန် ၂၂ ရက် နံနက် ၉ နာရီက မကွေးမြို့ နန်းထိုက်သူဟိုတယ်၌ ကျင်းပဆောင်ရွက်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင် တက်ရောက်၍ သွေးလှူရှင်များအား ချီးကျူးဂုဏ်ပြုစကား ပြောကြားကာ ဂုဏ်ပြုဆုများ ချီးမြှင့်ပေးအပ်ခဲ့သည်။

 

ဂုဏ်ပြုပွဲ အခမ်းအနားတွင် ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က ဗုဒ္ဓ၏ အဆုံးအမနှင့်အညီ မည်သည့်အကျိုးကျေးဇူးကိုမျှ မမျှော်ကိုးဘဲ မိမိတို့သွေးသားအား လှူဒါန်းခဲ့ကြသော စေတနာ သွေးလှူရှင်တို့အား ချီးမြောက်ဂုဏ်ပြုရသော အခမ်းအနားဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ ကြက်ခြေနီ အသင်းကြီး၏ လုပ်ငန်းစဉ်များထဲမှ ကျန်းမာရေးမြှင့်တင်ရန်ဆိုတဲ့ လုပ်ငန်းစဉ်ထဲမှာ ပါဝင်သည့် သွေးသန့်သွေးလှူရှင် စုဆောင်းရေးနှင့် သွေးလှူဒါန်းရေးလုပ်ငန်းများအား အောင်မြင်အောင် ဆောင်ရွက်ခြင်းသည် လူထုအတွက် အကျိုးဖြစ်ထွန်းစေတဲ့ လုပ်ငန်းကြီးတစ်ခုပဲဖြစ်ပါကြောင်း၊ သွေးလှူရှင်များ အနေဖြင့်လည်း လေးလတစ်ကြိမ်ပုံမှန် သွေးလှူခြင်းအားဖြင့် မိမိတို့ကျန်းမာရေးအား ပုံမှန်စစ်ဆေးနိုင်ခြင်း၊ မိမိကိုယ်ကိုကျန်းမာရေး ကောင်းမွန်အောင် ဂရုစိုက်နိုင်ခြင်းစတဲ့ လက်တွေ့ အကျိုးရရှိမည်ဖြစ်ပြီး သွေးလှူဒါန်းခြင်းသည် ဗုဒ္ဓ၏ လမ်းစဉ်နှင့်အညီ ဒါနပါရမီဖြည့်ကျင့်ရသော ကြီးမြတ်သည့် ပါရမီဖြည့်ကျင့်မှုတစ်ခုပဲ ဖြစ်ပါကြောင်း၊ မိမိတို့ကဲ့သို့ သွေးသန့်လှူဒါန်းနိုင်မည့် သွေးလှူရှင်များအား ထပ်မံရရှိအောင် စုဆောင်းခြင်း၊ စုပေါင်းပြီး ပုံမှန်သွေးလှူဒါန်းမှု လုပ်ငန်းများနှင့် အရေးပေါ်လိုအပ်သော အချိန်များမှာ သွေးလှူဒါန်းမှုပြုနိုင်ရန်အတွက် ဆက်လက်ဆောင်ရွက်ကြဖို့ကိုလည်း တိုက်တွန်းလိုပါကြောင်း၊ တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်ကြက်ခြေနီအသင်းခွဲများထဲမှ စလင်း၊ သရက်နှင့် ပွင့်ဖြူမြို့နယ်တို့မှာ သွေးသန့်သွေးလှူရှင် စုဆောင်းခြင်းနှင့် သွေးလှူဒါန်းမှုများအား အောင်မြင်စွာဆောင်ရွက်နိုင်ပြီး သွေးပုလင်းပေါင်းရာချီကာ လစဉ်လှူဒါန်းနိုင်ခဲ့သည်ကိုလည်း တိုင်းဒေသကြီးအစိုးရအဖွဲ့ အနေဖြင့် ချီးကျူးဂုဏ်ပြုပါကြောင်း၊ ထို့အတူ မကွေးတက္ကသိုလ် ကြက်ခြေနီအသင်းခွဲအနေဖြင့် တိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီနှင့် ပူးပေါင်းကာ စုပေါင်းသွေးလှူဒါန်းမှုအား ဆောင်ရွက်လာခဲ့သည်မှာ (၁၂)ကြိမ်တိုင်တိုင် ဆောင်ရွက်နိုင်ခဲ့သည့်အတွက် ချီးကျူးဂုဏ်ပြုပါကြောင်းနှင့် သွေးလှူရှင်များ အနေဖြင့် ပုံမှန်သွေးလှူဒါန်းမှုပြုပေးကြဖို့၊ အခြားသောသွေးလှူရှင်များရရှိရေး ဆောင်ရွက်ပေးကြဖို့နဲ့ သွေးလှူရှင်ရှာဖွေရေး လုပ်ငန်းများကို ရေရှည်တည်တံ့နိုင်ရေးအား အလေးပေးဆောင်ရွက်ပေးကြဖို့ မှာကြားလိုကြောင်းဖြင့် ပြောကြားသည်။

 

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က မကွေးတက္ကသိုလ် သွေးလှူရှင် (၆၃)ဦးအတွက် ပါမောက္ခချုပ်ထံနှင့် (၄၅)ကြိမ် သွေးလှူရှင် ဆရာတော် ဦးဇောတိဿရ၊ (၃၉)ကြိမ် သွေးလှူရှင် ဆရာတော် ဦးတိဿ ၊(၈၈)ကြိမ် သွေးလှူရှင် ဦးကျော်ကျော်စိုး၊ (၇၃)ကြိမ် သွေးလှူရှင် ဒေါ်ခိုင်ခိုင်လှတို့အား လည်းကောင်း  ဂုဏ်ပြုဆုများ အသီးသီးချီးမြှင့်ပေးအပ်ခဲ့ပြီး လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်၊ တိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌနှင့် တိုင်းဒေသကြီးကြက်ခြေနီ တပ်ဖွဲ့မှူးတို့က အကြိမ်(၃၀)နှင့်အထက် သွေးလှူရှင်များ ဂုဏ်ပြုဆုများ အသီးသီးပေးအပ်ကာ သွေးလှူရှင်များနှင့် စုပေါင်းအမှတ်တရ ဓာတ်ပုံရိုက်ကူးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

မောင်ညီညာ