မကွေး၊ ၂၄ ဒီဇင်ဘာ
မကွေးမြို့နယ် ကန်ပြားကျေးရွာနှင့် ဂွေးတောက်စမ်းကျေးရွာကြားတွင် စက်ရုံတည်၍ တန်ဖိုးမြင့် ထု တ်ကုန်များ ထုတ်လုပ်နေသော နှမ်းကုန်ချောထုတ်စက်ရုံသို့ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညိုနှင့် တာဝန်ရှိသူများက ဒီဇင်ဘာ ၂၄ ရက် နံနက်ပိုင်း၌ ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါ စက်ရုံမှာ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် PC Myanmar တို့ ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်ထားသည့် စက်ရုံတစ်ခုဖြစ်ပြီး ပဲထောပတ်၊ နှမ်းထောပတ်များ ထုတ်လုပ်လျက်ရှိသည်။
တောင်သူများ ရေရှည်တည်တံ့သည့် အကျိုးစီးပွားဖြစ်ထွန်းလာစေရန်ရည်ရွယ်၍ တောင်သူများ ကိုယ်တိုင် စီမံခန့်ခွဲနိုင်ရေး စီမံဆောင်ရွက်ပေးခဲ့မှုအခြေအနေများကို တိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမျိုးအောင်က ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ နှမ်းစက်ရုံတာဝန်ခံက စက်ရုံလည်ပတ်နေမှုအခြေအနေများ၊ ပဲထောပတ်၊ နှမ်းထောပတ် ထုတ်လုပ်ပြီး ရန်ကုန်၊ မန္တလေးရှိ အရောင်းစင်တာ (၃၇)ခုနှင့် အခြားမြို့များသို့ အမှာစာ ပေးပို့ ရောင်းချနေမှုနှင့် EU နိုင်ငံများသို့ ဈေးကွက်ချိတ် ဆက်ရန်စီမံဆောင်ရွက်နေမှုများကို ရှင်းလင်း တင်ပြခဲ့သည်။
တိုင်းဒေသကြီး ဝန်ကြီး ဦးဝင်းမော်ဌေး က လိုအပ်ချက်များကို ဖြည့်စွက်ရှင်းလင်းခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဒေသတောင်သူများအား ပညာပေးစည်းရုံးမှုများ တိုးချဲ့လုပ်ဆောင်ရန်နှင့် ပိုမိုတိုးတက် ထုတ်လုပ်ဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ဇေယျတု(မကွေး)


