မကွေး ၉ ဧပြီ     

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ (အောက်ထပ်) အစည်းအဝေးခန်းမ၌ တိုင်းဒေသကြီးအတွင်း COVID -19 အတွက် ထောက်ပံ့နိုင်ရေးနှင့် ပတ်သက်ပြီး ကုန်သည်/စက်မှုအသင်း၊ ဆန်/ဆီကုန်သည်ကြီးများအသင်းနှင့် မကွေးကုန်စည်ဒိုင်အသင်းများတို့အား တွေ့ဆုံ၍ ဆွေးနွေးပွဲတစ်ရပ်ကို ဧပြီ ၉ ရက် နံနက် ၁၀ နာရီက ပြုလုပ်ရာ COVID -19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက တွေ့ဆုံဆွေးနွေးခြင်းနှင့် ပတ်သက်၍ အမှာစကားပြောကြားခဲ့သည်။

 

a

 

ဆက်လက်၍  COVID -19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ တိုင်းဒေသကြီး အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြိး ဗိုလ်မှူးကြီးမင်းဦးက အခြေခံလူတန်းစာများအား ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ကြက်သွန်နီများ ထောက်ပံ့နိုင်ရေးအတွက် ကုန်သည်ကြီး လုပ်ငန်းရှင်ကြီးများနှင့် တိုင်းဒေသကြီးအတွင်းရှိ ခရိုင်အုပ်ချုပ်ရေးမှူးများက လုပ်ငန်းဆောင်ရွက်ပေးနိုင်မှုနှင့် လုပ်ငန်းလိုအပ်ချက်များ တင်ပြဆွေးနွေးပေးနိုင်ရေးပြောကြားရာ ကုန်သည်/စက်မှုအသင်း၊ ဆန်/ဆီကုန်သည်ကြီးများအသင်းနှင့် မကွေးကုန်စည်ဒိုင်အသင်းတို့မှ တာဝန်ရှိသူများက မိမိကဏ္ဍအလိုက်တင်ပြဆွေးနွေးပြီး ခရိုင်အုပ်ချုပ်ရေးမှူးများက မိမိခရိုင်အလိုက် ထောက်ပံ့ပေးနိုင်ရေး အစီအမံများကို တင်ပြဆွေးနွေးခဲ့ကြသည်။ 

မကွေးတိုင်းဒေသကြီးအတွင်း အိမ်ထောင်စုဝင် သုံးသိန်းကို ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရှိရပြီး မိသားစုတစ်စုလျှင် ဆန်(၈)ပြည်၊ ပဲတစ်ပိဿာ၊ ကြက်သွန်နီတစ်ပိဿာ၊ ဆီ(၅၀)ကျပ်သား၊ ဆား(၅၀)ကျပ်သား ဖြန့်ဝေရန်စီစဉ်ထားကာ မကွေးတိုင်းဒေသကြီးအတွင်းရှိ ကုန်သည်များနှင့် အုပ်ချုပ်ရေးအဖွဲ့များ ယနေ့တွေ့ဆုံညှိနှိုင်းဆွေးနွေးမှုများအရ မနောသုခဆန်တစ်အိတ် ၂၈၀ဝဝ ကျပ်၊ လုံးတီးဆန် တစ်အိတ် ၃၁၀ဝဝ ကျပ်၊ ကြက်သွန်တစ်ပိဿာ ၅၀ဝ ကျပ်၊ ဆားတစ်ပိဿာ ၂၃၀ ကျပ်၊ စားအုံးဆီငါးဆယ်သား တစ်ဘူး ၁၁၀ဝ ကျပ်၊ နေကြာဆီ တစ်ဘူး ၁၇၅၀ ကျပ်၊ ကုလားပဲလုံး တစ်ပိဿာ ၁၃၅၀ ကျပ်၊ ဆွန်တာနီပဲ တစ်ပိသာ  ၈၀ဝ ကျပ် စသည်ဖြင့် ဈေးနှုန်းများသတ်မှတ်ခဲ့ကြောင်းနှင့် ထောက်ပံ့ရေးအစီအမံများကို ဧပြီ ၁၀ ရက်မှ စတင်၍ တိုင်းဒေသကြီးအတွင်းတွင် ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း  သိရှိရသည်။

သန်းနိုင်ဦး(ငဖဲ)