မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးနေမှု အခြေအနေများအား ကြည့်ရှုအားပေး 

mdn

 

မကွေး     သြဂုတ်     ၂

 

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးတင့်လွင်သည် သြဂုတ်လ ၁ ရက် နံနက်ပိုင်းက လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်ကျော်လင်း၊ အတွင်းရေးမှူး ဦးဝင်းရှိန် နှင့်  တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဒေါက်တာ သောင်းလှိုင်တို့ လိုက်ပါကာ မကွေးမြို့၊ စုပေါင်းရုံးနှင့် အမှတ်(၃)အခြေခံပညာကျောင်းများ တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေး နေမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး အုပ်စုအလိုက် ကာကွယ်ဆေးထိုးနှံပေးရမည့်သူများ ကျန်ရှိမှု မရှိစေရေး အထူးအလေးထား ဆောင်ရွက် ပေးကြရန် မှာကြား ဆောင်ရွက်ခဲ့သည်။  

 

တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အလိုက် ဦးစားပေးအစီအစဉ်ဖြင့် ဩဂုတ်လ ၁ ရက်နေ့ နံနက် ၉ နာရီမှ စတင်၍ သတ်မှတ်နေရာများတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ စတင်ထိုးနှံ ပေးခဲ့ပြီး၊ ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထိုးစုရပ်နေရာ အသီးသီးတွင် အသက်အရွယ်ကြီး သူများအား အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ပရဟိတ အသင်းအဖွဲ့ဝင်များက လိုအပ်သည်များ ကူညီဆောင်ရွက်ပေးကာ ကာကွယ်ဆေးမထိုးမီ ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာခြင်း၊ သွေးအတွင်း အောက်စီဂျင် ပါဝင်မှုပမာဏ တိုင်းတာခြင်း၊ ပုံမှန် အနေအထား ဖြစ်မှသာ ကာကွယ်ဆေးထိုးနှံပေးပြီး ဆေးထိုးပြီးသူများအား မိနစ် ၂၀ အကြာ နားနေစေပြီးမှသာ ပြန်လည် စေလွှတ်ခဲ့ကြောင်း သိရသည်။

 

ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မွန်းလွဲပိုင်းတွင် နတ်မောက်မြို့သို့ရောက်ရှိပြီး မိခင်နှင့်ကလေး ကျန်းမာရေး ဌာနတွင် COVID-၁၉ ကာကွယ်ဆေး ထိုးနှံဆောင်ရွက်ပေးနေမှု အခြေအနေများအား ကြည့်ရှုအားပေးခဲ့ပြီး နတ်မောက်မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်း အဝေးခန်းမတွင် မြို့နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင် များနှင့် တွေ့ဆုံ၍ Oxygen Plant တည်ဆောက်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်နေမှုများအပေါ် လိုအပ်သည်များမှာကြားခဲ့ပြီး ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ် ကုသရေး လုပ်ငန်းများတွင် အသုံးပြု နိုင်ရန်အတွက် ငွေကျပ်သိန်း(၅၀)၊ နတ်မောက်မြို့ပြည်သူ့ဆေးရုံတွင် အောက်စီဂျင်ပိုက်လိုင်းများ သွယ်တန်းဆောင်ရွက်နိုင်ရန်အတွက် ငွေကျပ်သိန်း(၅၀)နှင့် ကိုဗစ်လူနာ များအတွက် အာဟာရ ဖြည့်စွက်စာများ ထောက်ပံ့ဆောင်ရွက်ပေးပြီး မြို့သစ်မြို့သို့ ဆက်လက်ထွက် ခွာခဲ့သည်။

 

မြို့သစ်မြို့သို့ ရောက်ရှိစဉ် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြို့သစ်မြို့၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း ရတနာခန်းမ၌ ကာကွယ်ဆေးထိုးနှံပေးနေမှု အခြေအနေများအား မေးမြန်းကာ အားပေးကြည့်ရှုခဲ့ပြီး မြို့သစ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်များနှင့် တွေ့ဆုံ၍ Oxygen Plant တည်ဆောက် ပေးမည် ဖြစ်၍ မြေနေရာရှာဖွေထားရန်၊ မီးလိုင်းများသွယ်တန်းနိုင်ရေး ဆောင်ရွက်ထား ရန်နှင့် ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ကုသရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန် အတွက် ငွေကျပ် သိန်း(၅၀)နှင့် ကိုဗစ်လူနာများအတွက် အာဟာရဖြည့်စွက်စာများ ထောက်ပံ့ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

မောင်ညီညာ(မကွေး)