မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်လူမှုရေးရာဝန်ကြီးက Oxygen Concentrator နှင့် PPE ဝတ်စုံများ လှူဒါန်း

mdn

သရက်  ဩဂုတ် ၂

 

မကွေးတိုင်းဒေသကြီး သရက်မြို့ ပြည်သူ့ဆေး၌  မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကိုဗစ်-၁၉ ကုသ ရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန် Oxygen Concentrator (၁၀)လီတာ (၄) လုံး၊ (၅) လီတာ တစ်လုံးနှင့် PPE ဝတ်စုံများ လှူဒါန်းပွဲကို ယနေ့နံနက် ၈ နာရီက ခရိုင်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

 


အခမ်းအနားတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်က ကိုဗစ်-၁၉ ရောဂါ ကာကွယ်ကုသထိန်းချုပ်နိုင်ရေးအတွက် ကော်မတီဝင်များသာမက မြို့မိမြို့ဖများ၊ Volunteer များ၊ ပြည်သူများ အားလုံးပူးပေါင်းပါဝင် ကူညီဆောင်ရွက်မှသာ ရောဂါကူးစက်မှုကို ထိန်းချုပ်နိုင်မည်ဖြစ်၍ ပူးပေါင်းဆောင်ရွက်ပေးကြရန် ပြောကြားပြီး သရက်ခရိုင်ဆေးရုံအတွက် Oxygen Concentrator (၁၀)လီတာ (၄) လုံးနှင့် (၅) လီတာ တစ်လုံးတို့အား လှူဒါန်းရာ ခရိုင်ဆရာဝန်ကြီးဒေါက်တာညွန့်ရွှေအောင်နှင့် ခရိုင်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးတင်မျိုးလတ် တို့မှ လက်ခံရယူခဲ့သည်။ 

 

ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်သည် Oxygen plant စက်ရုံတည်ဆောက်နိုင်ရေး ဆေးရုံဝန်းအတွင်းရှိမြေနေရာအား ကြည့်ရှု၍လမ်းညွှန်မှာကြားခဲ့သည်။ ယင်းနောက် မြို့ဝင်ထွက်ဂိတ်ဖြစ်သည့် ထုံးတောင်ဂိတ်အား ကြည့်ရှုစစ်ဆေးပြီး positive လူနာများထားရှိသည့် နတလ ကိုဗစ်-၁၉ ထိန်းချုပ်ရေး Centre သို့ သွားရောက်၍ လူနာများအား နှစ်သိမ့်အားပေးခဲ့သည်။

 

ထို့နောက် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်လူမှုရေးဝန်ကြီးနှင့် ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်မျိုးလတ် တို့သည် မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူလူနာများအား ပို့ဆောင်ပေးရာတွင် ကူညီဆောင်ရွက်ပေး နေသည့် Volunteer များအတွက် PPE ဝတ်စုံနှင့် ကာကွယ်‌ရေးပစ္စည်းများကို ပေးအပ်လှူဒါန်းခဲ့ရာ သုခရတနာ နှင့် မြတ်ပါရမီပရဟိတအသင်းများမှ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြောင်း သိရသည်။


ဇော်ဝမ်းထွန်း(အောင်လံ)