နေပြည်တော်   သြဂုတ်  ၁၁

 

ပြောင်းလဲလာသော ရာသီဥတုဖြစ်စဥ်များအရ ဆည်တမံများအတွင်းသို့ ရေဝင်ရောက်မှု ကျဆင်းလာ ခြင်းနှင့်အတူ ရေချိုအရင်းအမြစ်များ လျော့နည်း လာလျက်ရှိသဖြင့် စိုက်ပျိုးရေ ဖူလုံစွာအသုံးပြုနိုင်ရေး လုပ်ငန်းစဉ်တိုင်းတွင် ရေအသုံးချသူများအဖွဲ့(WUG)နှင့် တောင်သူများ၏ တက်ကြွစွာ ပူးပေါင်း ဆောင်ရွက်မှုအားကို အပြည့်အဝရယူဆောင် ရွက်ရန်လိုကြောင်း ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်က ပြောကြားသည်။

 

ယမန်နေ့ နံနက်ပိုင်းက မကွေးတိုင်းဒေသကြီး မြို့သစ်မြို့နယ် ပုလင်းဆည်ရေ သောက်ဧရိယာအတွင်း စိုက်ပျိုးရေပေးဝေရေးလုပ်ငန်းများနှင့် ပိုလျှံရေများအား Reused အသုံးပြုထားရှိမှု လုပ်ငန်းများ ကြည့်ရှုစစ်ဆေးစဉ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော် က တာဝန်ရှိသူများအား ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

 

ထို့နောက် ဒုတိယဝန်ကြီးသည် အဖွဲ့ဝင်များနှင့်အတူ စိုက်ဧက(၄၀၀)အား စိုက်ပျိုးရေပေး‌ဝေနိုင်ရန် အတွက် ယင်းချောင်းပေါ်တွင်တည်ဆောက်မည့် ရေတင်လုပ်ငန်းသစ်စီမံကိန်းနေရာ၊ နတ်မောက် ရေလှောင်တမံ လက်ယာမြောင်းမကြီးမှ စိုက်ပျိုးရေပေးဝေနေမှုနှင့် စိုက်ခင်းများအတွင်းသို့ ရေရောက်ရှိနေမှု အခြေအနေများကို ကွင်းဆင်းကြည့်ရှု စစ်ဆေးသည်။

 

ယင်းနောက် ဒုတိယဝန်ကြီးနှင့်သည် မကွေးမြို့ရှိ စက်မှုလယ်ယာဦးစီးဌာန အမှတ်(၃)အလတ်စား စက်ပြင်အလုပ်ရုံ၏ လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး တောင်သူများအတွက် လယ်ယာသုံးစက်ကိရိယာ ကိုင်တွယ်ထိန်းသိမ်း အသုံးပြုခြင်းဆိုင်ရာ ပညာပေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ရေး တာဝန်ရှိသူများကို ဆွေးနွေး မှာကြားသည်။

 

ဆက်လက်၍ ဒုတိယဝန်ကြီးသည် မကွေးမြို့ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ဧည့်ရိပ်သာ၌ ဝန်ကြီးဌာနအောက်ရှိ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် တွေ့ဆုံ၍ လိုအပ်သည်များ မှာကြားကာ မင်းဘူးမြို့နယ် အိုင်းမဆည်ရေသောက်စနစ်အတွင်း စိုက်ပျိုးရေရရှိရေးလုပ်ငန်း ဆောင်ရွက်ထားရှိမှုများနှင့် စက္ကလရိုး ရေမြှင့် အဆောက်အအုံလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးသည်။

 

ယင်းနောက် ဒုတိယဝန်ကြီးသည် ပွင့်ဖြူမြို့နယ် လယ်ကိုင်းကျေးရွာ ထရုံလက်တံ မြောင်းဖျား ဧရိယာတွင် ဆိုလာစနစ်အသုံးပြု စက်ရေတွင်း(၂၀)တူးဖော်ထားရှိပြီး တောင်သူအစုအဖွဲ့ဖြင့် (၁)တွင်းလျှင် (၁၈)ဧကနှုန်း စုစုပေါင်းဧက(၃၆၀)ဧကကို စိုက်ပျိုးရေပေးဝေနေမှုနှင့် လှည်းကြီးရိုး (၃၉၇)ဧက စိုက်ပျိုးရေ ရရှိရေးအတွက် ရေကူဖြည့် ရန် ဆိုလာရေတင်စနစ် တည်ဆောက်မည့် မြေနေရာတို့ကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးသည် မြောက်မုန်းမြောင်းမကြီး ပေတိုင် (၉၇၀၀၀) အထက်ပိုင်းရှိ အလိုလျောက်ရေတင်စနစ် ပြန်လည်ပြုပြင်ခြင်းနှင့် အသစ်ထပ်မံ တည်ဆောက်ခြင်း လုပ်ငန်းခွင်၌ တောင်သူများနှင့်တွေ့ဆုံ၍ လုပ်ငန်းလိုအပ်ချက်များကို ဆွေးနွေးပြောကြားကာ အလိုလျောက်ရေ တင်စနစ် ပြန်လည်ပြုပြင်ခြင်းနှင့် အသစ်ထပ်မံ တည်ဆောက်ခြင်း လုပ်ငန်းခွင်ကို ကြည့်ရှုစစ်ဆေးသည်။

 

ထို့နောက် ဒုတိယဝန်ကြီးသည် နွေရာသီသောက်သုံးရေ ပြတ်လပ်မှုမရှိစေရေးနှင့် ဒေသစိမ်းလန်းစို ပြည်ရေးအတွက် ဆောင်ရွက်မည့် ပြည်တော်သာကန် ပြန်လည်တူးဖော်ပြုပြင်မှုကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လုပ်ငန်းဆိုင်ရာလိုအပ်ချက်များကို ဖြည့်စွက်မှာကြားခဲ့ကြောင်း သတင်း ရရှိသည်။

(သတင်းစဉ်)