နေပြည်တော် ၂၂ ဖေဖော်ဝါရီ
မကွေးတိုင်းဒေသကြီးအတွင်း Coronavirus Disease (COVID-19) လတ်တလော အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်ရေး ညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့ညနေပိုင်းတွင် မကွေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဆွေးနွေးပွဲတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက မကွေးတိုင်းဒေသကြီးသည် ဧရိယာအကျယ်အဝန်းများပြားပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်ခဲ့ကြကာ နေရပ်သို့ပြန်လာသူများ မြို့နယ်အနှံ့အပြားသို့ ရောက်ရှိလျက်ရှိသော စာရင်းကို သုံးသပ်ခြင်းဖြင့် မကွေးတိုင်းဒေသကြီး၌ ဤရောဂါဖြစ်ပွားမှုကို ကြိုတင်ကာကွယ်ထိန်းချုပ်ရန် နယ်စပ်မြို့များ၌ အရေးကြီးသည်နှင့်အလားတူ အရေးကြီးပါကြောင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် Coronavirus Disease 2019 (COVID-19) လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်ပွားကူးစက်မှုများ ဆက်လက်များပြား လျက်ရှိနေပါကြောင်း၊ မိမိတို့နိုင်ငံတွင် လက်ရှိ၌ Coronavirus Disease 2019 (COVID-19) လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ ဖြစ်ပွားသူများ မတွေ့ရှိရသေးသော်လည်း အချိန်မရွေး ဖြစ်ပွားတွေ့ရှိလာနိုင်ပါကြောင်း၊ သို့ဖြစ်ပါ၍ မကွေးတိုင်းဒေသကြီးအတွင်း၌ရှိသော နှီးနွှယ်ဌာနဆိုင်ရာများမှ ဝန်ထမ်းများ၊ လူမှုရေးအဖွဲ့အစည်းများ၊ ပုဂ္ဂလိက ဆေးရုံ၊ ဆေးခန်းများနှင့် မိမိတို့၏ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေး ဝန်ထမ်းများသည် စနစ်တကျချိတ်ဆက်ပူးပေါင်းကာ ရောဂါကာကွယ်ထိန်းချုပ်မှုလုပ်ငန်းများကို ဆက်လက်ကြိုးပမ်း ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း။
ထိုသို့ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ် COVID-19 လတ်တလော အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါ လူနာများ ရုတ်တရက်ဖြစ်ပွား ပေါ်ပေါက်ပါက သီးခြားထားရှိကုသမှုပေးရန်အတွက် မကွေးပြည်သူ့ဆေးရုံကြီး၌ ယခုအသစ်ဆောက်လုပ် ပြီးစီးပြီး အသုံးမပြုရသေးသည့် (၅)ထပ်ဆောင်သစ်၌ စီစဉ်ထားရှိသည်မှာ ကောင်းမွန်ပါကြောင်း၊ ယခုကာလ၌ ဆေးရုံများတွင် ကြိုတင်ပြင်ဆင်ထားရှိမှုလုပ်ငန်းများသည် ရောဂါ ထပ်မံပြန့်ပွားမှု မရှိစေရန် အရေးအကြီးဆုံးဖြစ်သည့်အတွက် အထူးကြပ်မတ်ကုသဆောင် (ICU) များတွင် လိုအပ်သည့် အသက်ရှူစက်များ၊ လူနာ၏အခြေအနေကို အချိန်နှင့်တစ်ပြေးညီ စောင့်ကြပ်ကြည့်ရှုနိုင်သည့် စက်ကိရိယာများ အစရှိသည်တို့ကို ဗဟိုမှ ထပ်မံဖြည့်ဆည်း ပေးလျက်ရှိပါကြောင်း၊ ဝန်ကြီးဌာနသည် ရောဂါကာကွယ်ထိန်းချုပ်ရေး ဗဟိုအဆင့်အစည်းအဝေးကို နေ့စဉ်ပြုလုပ်ကာ ကုသရေးဆိုင်ရာ၊ ပြည်သူ့ကျန်းမာရေးဆိုင်ရာနှင့် ကပ်ရောဂါဗေဒ ထိန်းချုပ်ခြင်းဆိုင်ရာ လမ်းညွှန်ချက်များကို အမြဲမပြတ်ပေးအပ်ခြင်း၊ သတင်းအချက်အလက်များဖြန့်ဝေပေးခြင်းတို့ ဆောင်ရွက်လျက်ရှိပါကြောင်း။
အလုံးစုံသော ရောဂါကာကွယ်ထိန်းချုပ်မှုလုပ်ငန်းများကို တိုင်းဒေသကြီး/ ပြည်နယ်များတွင် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဉီးစီးဌာနမှူးများသည် အဓိကညှိနှိုင်း ကွပ်ကဲသူများအဖြစ်လည်းကောင်း၊ မြို့နယ်များတွင် မြို့နယ်ပြည်သူ့ ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး (TMO) များ၏ ဦးဆောင်မှုဖြင့် သက်ဆိုင်ရာမြို့နယ်အလိုက် အခြေခံကျန်းမာရေးဝန်ထမ်း ပညာရှင်များက လက်တွေ့မြေပြင်တွင်လည်းကောင်း ရောဂါကာကွယ်ထိန်းချုပ်မှု လုပ်ငန်းများကို လုပ်ဆောင်ကြရမည်ဖြစ်ပါကြောင်း။
ဝန်ကြီးဌာန၏ ရောဂါကာကွယ်ထိန်းချုပ်မှုလုပ်ဆောင်ချက်များ၊ ဝန်ထမ်းများအတွက် ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် ကုသရေးလုပ်ငန်းလမ်းညွှန်များ၊ စံလုပ်ထုံးလုပ်နည်းများနှင့် ပြည်သူများအတွက် ကျန်းမာရေးအသိပေးနှိုးဆော်မှုများကို ဝန်ကြီးဌာန၏ အင်တာနက် စာမျက်နှာ (www.mohs.gov.mm) နှင့် ဝန်ကြီးဌာန၏ လူမှုကွန်ရက်စာမျက်နှာများတွင် ဝင်ရောက်ကြည့်ရှုနိုင်ပါကြောင်း၊ မကွေးတိုင်းဒေသကြီးရှိ ကုသရေးနှင့် ပြည်သူ့ကျန်းမာရေး ဝန်ထမ်းများအနေဖြင့် ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းလုပ်ဆောင်ချက်များကို လုပ်ငန်းလမ်းညွှန်များနှင့် အညီလိုက်နာဆောင်ရွက်နိုင်ရေးအတွက် ဝန်ကြီးဌာန၏ အင်တာနက်နှင့် လူမှုကွန်ရက်စာမျက်နှာများကို အမြဲမပြတ် အချိန်နှင့်တစ်ပြေးညီ ကြည့်ရှုလေ့လာသုံးသပ်၍ မိမိတို့၏ တိုင်းဒေသကြီးနှင့် လိုက်လျောညီထွေဖြစ်မည့် ရောဂါကာကွယ်ထိန်းချုပ်မှုလုပ်ငန်းများကို လုပ်ဆောင်စေလိုပါကြောင်း။
ဝန်ကြီးဌာနရှိ အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (NHL) မှ COVID-19 ရောဂါပိုး ဓာတ်ခွဲအဖြေရှာမှုကို ပြုလုပ်နိုင်ပြီဖြစ်သဖြင့် စောင့်ကြည့်လူနာနှင့် သံသယလူနာများအား (၆)နာရီအတွင်း စစ်ဆေးအဖြေထုတ်နိုင်ပြီ ဖြစ်ပါကြောင်း၊ မကွေးတိုင်းဒေသကြီးတွင် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် တိုင်းဒေသကြီးအဆင့်ရှိ နှီးနွှယ်ဌာနများ၏ ပူးပေါင်းကူညီမှုများကို တွေ့ရှိရသည့်အတွက် ရောဂါကာကွယ်ထိန်းချုပ်မှု လုပ်ငန်းများအတွက် ကောင်းမွန်သောလက္ခဏာ တစ်ရပ်ဖြစ်ပါကြောင်း။
တရုတ်ပြည်သူ့သမ္မတနိုင်ငံ ရောဂါထိန်းချုပ်ရေး ဗဟိုဌာနမှ ပြောကြားချက်ဖြစ်သော ဤရောဂါဖြစ်ပွားသူ (၁၀ဝ) လျှင် (၈၀) ရာခိုင်နှုန်းမှာ မပြင်းထန်သော သာမာန်လက္ခဏာကိုသာ ခံစားရခြင်း၊ (၁၅) ရာခိုင်နှုန်းမှာ ပြင်းထန်သည့်ရောဂါခံစားရခြင်း၊ (၅)ရာခိုင်နှုန်းမှာ အထူးပြင်း ထန်စွာရောဂါခံစားရခြင်းဖြစ်ပွားသည်ဟု သိရှိရသည့် အချက်မှာ ပြည်သူ့ကျန်းမာရေးရှုထောင့်နှင့် ကုသရေးရှုထောင့်မှ အရေးကြီးသည့် သတင်းအချက်တစ်ချက်ဟု သတ်မှတ်၍ရသည့်အပြင် မိမိတို့နိုင်ငံ၌ ရောဂါဖြစ်ပွားမှုရှိလာပါကလည်း ဤပုံစံအတိုင်းဖြစ်နိုင်ပါကြောင်း၊ ဝန်ကြီးဌာနရှိ ဆေးရုံများ၌ တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများအနေဖြင့် ပြည်သူများ အကျိုးအတွက် ဆောင်ရွက်နေခြင်းဖြစ်သည်ကို စိတ်နှလုံးသွင်း၍ မြန်မာနိုင်ငံတွင် COVID-19 ရောဂါဖြစ်ပွား ကူးစက်မှု မရှိစေရေးနှင့် အကယ်၍ ရောဂါဖြစ်ပွားသူများရှိပါကလည်း ပြန့်ပွားကူးစက်မှုမရှိစေရေးနှင့် ထိခိုက်သေဆုံးမှု လျော့နည်းစေရေး ဆက်လက်အားထုတ်ကြိုးပမ်း ဆောင်ရွက်သွားရန် တိုက်တွန်းလိုပါကြောင်း။
တိုင်းဒေသကြီး/ ပြည်နယ်များအနေဖြင့် မိမိတို့သက်ဆိုင်ရာ နေရာဒေသအလိုက်၊ ကျန်းမာရေးရှုထောင့်မှသာမက လူမှုရေး၊ စီးပွားရေး၊ ကုန်သွယ်ရေး၊ ခရီးသွားလာရေး စသည်ဖြင့် ရှုထောင့်အမျိုးမျိုးကိုပါ ထည့်သွင်းစဉ်းစား၍ အသင့်တော်ဆုံးသော မဟာဗျူဟာနှင့် လုပ်ငန်းစဉ်များကို သက်ဆိုင်သူအားလုံးမှ ဝိုင်းဝန်းဆုံးဖြတ်၍ဆောင်ရွက်မည်ဖြစ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာတိုးသီရိလွင်က တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ကမ္ဘာ့နိုင်ငံ အချို့တွင် COVID-19 ရောဂါ ဖြစ်ပွားမှုအခြေအနေနှင့် လက်ရှိနောက်ဆုံး ရှာဖွေတွေ့ရှိချက်များ အပေါ်မူတည်၍ ရောဂါ၏ ကူးစက်ပျံ့နှံ့ပုံများကိုလည်းကောင်း။
ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာဉာဏ်ဝင်းမြင့်က အပြည်ပြည်ဆိုင်ရာလေဆိပ်များနှင့် နယ်စပ်ဝင်၊ ထွက်ပေါက်များတွင် ရောဂါစောင့်ကြပ်ကြည့်ရှုနေမှုများကို လည်းကောင်း၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် (ရောဂါနှိမ်နင်းရေး) ဒေါက်တာသန္တာလွင်က ရောဂါကာကွယ် ထိန်းချုပ်ရေးအတွက် ဆောင်ရွက်နေသည့် လုပ်ငန်းများကိုလည်းကောင်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ကုသရေး) ဒေါက်တာသီတာလှက ကုသရေးလုပ်ငန်းလမ်းညွှန်များနှင့်အညီ ဆေးရုံများတွင် ပြင်ဆင်ထားရှိမှုများကိုလည်းကောင်း၊ ညွှန်ကြားရေးမှူး (တာဝန်) (ကျန်းမာရေးအသိပညာမြှင့်တင်ရေး) ဒေါက်တာသန်းနိုင်စိုးက ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် ပြည်သူများအား ကျန်းမာရေးအသိပညာ အချက်အလက်များကို ကျယ်ကျယ်ပြန့်ပြန့်ပေးအပ်နေမှုနှင့် အသိပေးနှိုးဆော်မှုများကို လည်းကောင်း၊ မကွေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာသောင်းလှိုင် က မကွေးတိုင်းဒေသကြီးအတွင်း ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများဆောင်ရွက်နေမှုများကိုလည်းကောင်း ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ မကွေးတိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဒေါက်တာခင်မောင်အေးက မကွေး တိုင်းဒေသကြီးတွင် COVID-19 လတ်တလော အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါ ကာကွယ်ထိ န်းချုပ်ရေးလုပ်ငန်းများတွင် အစိုးရအဖွဲ့မှ ဆက်လက်ပံ့ပိုးသွားမည့် အစီအစဉ်များကို ရှင်းလင်း ပြောကြားသည်။
သတင်းစဉ်


