မကွေး   ၁၅   ဇန်နဝါရီ

           

မကွေးတိုင်းဒေသကြီးအတွင်းရှိ ကျေးရွာများ နွေရာသီသောက်သုံးရေရှားပါးပြတ်လပ်မှုမရှိစေရေး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ယခုဘဏ္ဍာရေးနှစ်တွင် ရေရှားပါး ပြတ်လပ်နိုင်တဲ့ ကျေးရွာ ၁၆၆ ရွာအတွက် ငွေကျပ်သန်း ၂၈၀ဝ ကျော်အသုံးပြုကာ  သောက်သုံးရေ ရရှိရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း မကွေးတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ သိရသည်။

 

6

 

မကွေးတိုင်းဒေသကြီးသည် မြန်မာနိုင်ငံရဲ့ အပူပိုင်းဇုန်အတွင်းရှိ တိုင်းဒေသကြီး တစ်ခုဖြစ်ပြီး နှစ်စဉ်နှစ်တိုင်းလိုလို ရေရှားပါးမှု တွေကြုံတွေ့ရသည့် တိုင်းဒေသကြီးတစ်ခုဖြစ်ကြောင်း၊ ယခု ၂၀၁၉-၂၀၂၀ ခု ဘဏ္ဍာရေးနှစ်မှာတော့ ယခင်နှစ်က ရေရှားပါးလို့ ရေပေးဝေ ခဲ့ရသော ကျေးရွာတွေနဲ့ အခြားရေရှားပါးနိုင်တဲ့ ကျေးရွာတွေကို ဦးစားပေးကာ တွင်းနက်စက်ရေတွင်း (၇၈)တွင်း၊ တွင်းတိမ်စက်ရေတွင်းလေးတွင်း၊ လက်တူးတွင်းသုံးတွင်း၊ မြေသားရေကန် (၃၆)ကန်၊ စိမ့်စမ်းရေသွယ် ယူခြင်း လုပ်ငန်း(၁၁)ခု၊အခြားရေရရှိရေး လုပ်ငန်း(၃၄)ခု စုစုပေါင်းရေ ရှိရေးလုပ်ငန်းပေါင်း (၁၆၆)ခုကို ငွေကျပ် ၂၈၄၈ ဒသမ ၈၅၉ သန်းဖြင့်ဆောင်ရွက်လျက်ရှိကြောင်း၊ လက်ရှိအချိန်မှာတော့ တင်ဒါအောင်မြင်သည့် ကုမ္ပဏီများသို့ လုပ်ငန်းအပ်နှံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

6

 

စက်ရေတွင်း တူးဖော်ခြင်းလုပ်ငန်းတွင် အမြင့်ပေ ၂၀ ရှိ ဂါလန် (၂၄၀ဝ)ဆံ့ စင်မြင့်ရေစင် (သို့မဟုတ်) ဂါလန် (၅၀ဝ၀)ဆံ့ အုတ်ရေကန်နှင့် အလျား ၁၀ပေ အနံ ၈ ပေ အမြင့် ၈ ပေ ရှိ ရေစက်ရုံတစ်ခုစီ၊ မြေသားရေကန် တူးဖော်ခြင်းလုပ်ငန်းတွင် ခြံစည်းရိုးခတ်ခြင်းနှင့် လက်နှိပ်တုံကင်တပ်ဆင်ခြင်း၊ လက်တူးတွင်း တူးဖော်ခြင်းလုပ်ငန်းတွင် ခြံစည်းရိုခတ်ခြင်းနှင့် လက်နှိပ်တုံကင်တပ်ဆပ်ခြင်းနှင့် စိမ့်စမ်းရေ သွယ်ယူခြင်းလုပ်ငန်းတွင် ရေတားတမံ တည်ဆောက်ခြင်း၊ ရေပိုက်လိုင်းသွယ်တန်းခြင်းနှင့် ဂါလန် (၅၀ဝ၀)ဆံ့ အုတ်ရေကန်လုပ်ငန်းတွေပါဝင်ပြီး အချို့ကျေးရွာများတွင် အိမ်တိုင်ရာရောက် ရေပိုက်လိုင်း သွယ်တန်းခြင်း လုပ်ငန်းတွေပါဝင်တယ်လို့ တိုင်းဒေသကြီးဦးစီးမှူး ဦးမျိုးအောင် ပြောပြချက်အရ သိရသည်။

 

36

 

ကျွန်တော်တို့ တိုင်းဒေသကြီးတွင်းမှာရှိတဲ့ ကျေးရွာအချို့ဟာဆိုရင် နှစ်စဉ်ရေရှားပါးလို့ ရေဝေပေး နေရတာတွေ ရှိပါတယ်။ ကျွန်တော်တို့ဌာနေအနေနဲ့တော့ ယခုဘဏ္ဍာနှစ်မှာ ယခင်နှစ်က ရေဝေခဲ့ရတဲ့ ကျေးရွာတွေနဲ့ အခြားရေရှားပါနိုင်တဲ့ကျေးရွာတွေကို သက်ဆိုင်ရာမြို့နယ် လွှတ်တော် ကိုယ်စားလှယ်တွေ မြို့နယ်စီမံခန့်ခွဲမှုကော်မတီတွေ ဦးစားပေးရွေးချယ်ပြီး ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန (ရုံးချုပ်)၏ လမ်းညွှန်မှု၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ အနီးကပ်ကြီးကြပ်မှုနဲ့ ဆောင်ရွက်နေ ပါတယ်။ ရာသီတုဖောက်ပြန်မှုကြောင့် ကျေးရွာတွေမှာ အရေးပေါ်ရေရှားပါးမှုတွေ ကြုံတွေ့လာရင်လည်း အမြန်ဆုံး ဆောင်ရွက်ပေးသွားမှာပါဟု  ၎င်းက ဆက်လက် ပြောပြသည်။

 

69

 

မကွေးတိုင်းဒေသကြီးအတွင်းရှိ ကျေးရွာများသောက်သုံးရေရရှိရေးအတွက် ၂၀၁၈-၂၀၁၉ ခု ဘဏ္ဍာရေးနှစ်တွင် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ခွင့်ပြုရန်ပုံ ငွေကျပ် ၂၅၀၅ ဒသမ ၆၇၇ သန်းဖြင့် ကျေးရွာပေါင်း ၁၄၁ ရွာ၌ သောက်သုံးရေရရှိရေးလုပ်ငန်း ၁၄၁ ခုကို အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။

 

96

 

သန်းလွင်(မကွေး)