မကွေး   ၆   ဧပြီ  

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ယူနီဆက်တို့ပူးပေါင်းကာ ကျေးလက်နေပြည်သူများ ပတ်ဝန်းကျင် သန့်ရှင်းရေးဆိုင်ရာအလေ့အထများ ကျင့်သုံးလာစေရန်နှင့် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကိုဗစ်-၁၉ ထိန်းချုပ်ကာကွယ်နိုင်စေရန် ရည်ရွယ်၍ တိုင်းဒေသကြီးအတွင်းရှိ ကျေးရွာ(၉၀)ကျော်၌ အများသုံးလက်ဆေးစင်များအား ကျေးရွာအရောက် တပ်ဆင်ဆောင်ရွက်ပေးလျက်ရှိကြောင်း မကွေးတိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ ပတ်ဝန်းကျင် သန့်ရှင်းရေးဆိုင်ရာ အလေ့အထများ ကျင့်သုံးလာစေရန်နှင့် လက်ရှိဖြစ်ပွားနေသော ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကိုဗစ်-၁၉ ထိန်းချုပ်ကာကွယ်နိုင်စေရန်အတွက် အများသုံးလက်ဆေးစင်များကို တပ်ဆင်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မကွေး တိုင်းဒေသကြီးအတွင်းမှာတော့ မကွေး၊ တောင်တွင်းကြီး၊ မြို့သစ်၊ မင်းဘူး၊ သရက်၊ မင်းလှ၊ အောင်လံ၊ မြိုင်၊ ပေါက် စသည့် မြို့နယ်(၉)မြို့နယ်ရှိ ကျေးရွာပေါင်း ၉၀ ကျော်တွင် ရောဂါကြိုတင်ကာကွယ်နိုင်ရေးအတွက် လိုက်နာ ဆောင်ရွက်ရန် ဆောင်ရန်ရှောင်ရန် အချက်များပါရှိသော ပညာပေးဗီနိုင်းပိုစတာ၊ စတီးလက်ဆေးစင်၊ ဆပ်ပြာနှင့် ရေပုံး၊ ရေခွက်များကို ကျေးရွာအရောက် တပ်ဆင်ဆောင်ရွက် ပေးလျက်ရှိကြောင်း မကွေးတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးမျိုးအောင်က ပြောပြ၍ သိရသည်။


အဆိုပါ အများသုံးလက်ဆေးစင်များကို လူစည်ကားသည့်နေရာများဖြစ်သော ဈေးများ၊ ကျေးလက်ကျန်းမာရေး ဌာနများ၊ ရောဂါထိန်းချုပ်ရေးစခန်းများ၊ ထင်ရှားသည့် ဘာသာရေးဆိုင်ရာနေရာများ၊ ခရီးသွားလာရေးဂိတ်များတွင် သက်ဆိုင်ရာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ အခြားဌာနဆိုင်ရာ၊ သက်ဆိုင်ရာကော်မတီ များနှင့် ညှိနှိုင်း၍  မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဝန်ထမ်းများကိုယ်တိုင် တပ်ဆင်ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။

သန်းလွင်(မကွေး)