မကွေး  ၂  ဖေဖော်ဝါရီ

 

မကွေးတိုင်းဒေသကြီးအတွင်းရှိ ကလေးငယ် ခြောက်သောင်းခန့်ကို ရိုတာဗိုင်းရပ်စ်ကာကွယ်ဆေးများ တိုက်ကျွေးသွားမည်ဖြစ်ကြောင်း မကွေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

 

“မကွေးတိုင်းမှာ ၂၀၂၀ ပြည့်နှစ်အတွင်း ကလေးငယ် ခြောက်သောင်းလောက် ကာကွယ်ဆေးထိုးဖို့ရှိတယ်။ ဒီကလေးတွေကို ရိုတာဗိုင်းရပ်စ် ကာကွယ်ဆေးကျွေးပါမယ်။ တစ်လကို ကလေးဦးရေ သုံးထောင်ကနေ ငါးထောင်လောက် ဆေးပေးဖို့ ရည်ရွယ်ထားပါတယ်။ ၂၀၁၉ ဒီဇင်ဘာ ၁ ရက်နောက်ပိုင်း မွေးဖွားတဲ့ ကလေးငယ်များကို တိုက်ကျွေးသွားမှာပါ” ဟု မကွေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာခင်မောင်သန်းက ပြောသည်။

 

ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ၂၀၀၈ စစ်တမ်းအရ ရိုတာဗိုင်းရပ်စ်ကြောင့် ကလေးငယ် လေးသိန်းခွဲခန့် သေဆုံးခဲ့ရသည်ဟု ထုတ်ပြန်ထားပြီး ကျန်းမာရေးဝန်ကြီးဌာနက ၎င်းတို့၏ ပုံမှန်ကာကွယ်ဆေးထိုး အစီအစဉ်များထဲတွင် ဖေဖော်ဝါရီလ ၁ ရက်မှစ၍ ထည့်သွင်းတိုက်ကျွေးခြင်း ဖြစ်သည်။

 

မြန်မာနိုင်ငံတွင် လတ်တလော ဆောင်ရွက်နေသာ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းအရ ၂၀၀၄ ခုနှစ်မှ ၂၀၀၅ ခုနှစ်အတွင်း ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါဖြင့် ဆေးရုံတက်ရသည့် အသက်တစ်နှစ်အောက် ကလေးများတွင် ရိုတာဗိုင်းရပ်စ် ၆၀ ရာခိုင်နှုန်းထိ၊ အသက် ၅ နှစ်အောက်ကလေးများတွင် ၅၆ ရာခိုင်နှုန်းထိ တွေ့ရကြောင်း မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာခင်မောင်အေးက ပြောသည်။


ရိုတာဗိုင်းရပ်စ် ကာကွယ်ဆေးတိုက်ကျွေးမှုနှင့်မတူ ပုံမှန်ကာကွယ်ဆေးထိုး အစီအစဉ်၌ ငါးမျိုးစပ်ကာကွယ်ဆေးကို အသက်တစ်နှစ်ခွဲတွင် စတုတ္ထအကြိမ်အဖြစ် တစ်ကြိမ်ထည့်သွင်း ထိုးနှံသွားမည်ဖြစ်ကြောင်း မကွေးတိုင်းဒေသကြီး ကုသရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါက်တာဇော်မိုးအေးထံမှ သိရသည်။

 

"ကလေးအသက် ၂ လပြည့်တဲ့အချိန်မှာ တစ်ကြိမ်၊ အသက် ၄ လပြည့်တဲ့အချိန်မှာ တစ်ကြိမ် ရိုတာဗိုင်းရပ်စ် ကာကွယ်ဆေးကို တိုက်သွားမှာပါ။ အရှေ့တောင်အာရှနိုင်ငံတွေထဲမှာ မြန်မာက တတိယမြောက် ဆေးတိုက်ကျွးတဲ့ နိုင်ငံဖြစ်လာပါတယ်”ဟု မကွေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ တိုင်းဦးစီးမှူး ဒေါက်တာသောင်းလှိုင်က ပြောသည်။

 

မကွေးတိုင်းဒေသကြီးတွင် ကလေးငယ်များကို ပုံမှန်ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိပြီး ပြင်းထန်တီဘီ၊ ပိုလီရိုအကြောသေ၊ ဆုံဆို့နာ၊ ကြက်ညှာချောင်းဆိုး၊ အသည်းရောင်အသားဝါ(ဘီ)၊ ဦးနှောက်အမြှေးရောင်၊ ဂျပန်ဦးနှောက်ရောင်၊ ပြင်းထန်အဆုတ်ရောင်၊ မွေးကင်းစကလေး မေးခိုင်၊ ဝက်သက်၊ ဂျိုက်သိုးရောဂါများ ဖြစ်ပွားမှုနှင့် သေဆုံးမှုများကို လျှော့ချပေးလျက်ရှိကြောင်း မကွေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။ 


ဇေယျတု(မကွေး)