မကွေး   ၈  မေ

 

မကွေးမြို့တွင် မေ ၆ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲက မိုးရွာသွန်းပြီး လေပြင်းတိုက်ခိုက်ရာ မကွေးမြို့နယ်ရှိ ကျေးရွာ ၁ ရွာနှင့် ရပ်ကွက် ၆ ခုတွင် ပြိုကျပျက်စီးလူနေအိမ် ၇ လုံး၊ တစ်စိတ်တစ်ပိုင်းပျက်စီး လူနေအိမ် ၁၁၇ လုံးနှင့် ဘေးသင့်လူဦးရေ ၅၂၆ ဦးတို့ရှိခဲ့ပြီး သစ်ပင်ပိ၍ ဒဏ်ရာရရှိသူ ၁ ဦးရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါ လေဘေးသင့် ရပ်ကွက်ကျေးရွာများသို့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနက တာဝန်ရှိ သူများသည် မေ ၇ ရက်နေ့ ယနေ့နံနက်ပိုင်းတွင် ဆန်ဖိုးငွေထောက်ပံ့ခြင်း၊ အိမ်ဆောက် ပစ္စည်းဖိုး ထောက်ပံ့ခြင်း၊ ဒဏ်ရာရလူနာထောက်ပံ့ခြင်း အပါအဝင် ရန်ပုံငွေ ၆၅၅၄၆၀ဝ ကျပ်တို့ကို ဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့ပြီးစီးခဲ့ကြောင်း သိရသည်။

 

အလားတူ ဆင်ပေါင်ဝဲ မြို့နယ်တွင် လူနေအိမ် ၁၅၇ လုံး၊ ဘာသာရေး အဆောက်အဦ ၁၁ လုံး၊ သရက်မြို့နယ်တွင် လူနေအိမ် ၄ လုံး၊ မင်းလှမြို့နယ်တွင် လူနေအိမ် ၂ လုံး၊ ထီးလင်းမြို့နယ်တွင် လူနေအိမ် ၂၂ လုံး၊ ဂန့်ဂေါမြို့နယ်တွင် လူနေအိမ် ၁၉ လုံး၊ မြိုင်မြို့နယ်တွင် လူနေအိမ် ၁၀ လုံး၊ မင်းဘူးမြို့နယ်တွင် လူနေအိမ် ၁ လုံး အပါအဝင် မြို့နယ် ၈ မြို့နယ်တို့တွင် ပြိုကျလူနေအိမ် ၂၅ လုံး၊ တစ်စိတ်တစ်ပိုင်း လူနေအိမ် ၃၁၄ လုံး တို့ရှိပြီး ဘေးသင့်အိမ်ထောင်စုပေါင်း ၃၃၉ စုမှ ဘေးသင့်လူဦးရေ ၁၄၄၅ ဦး တို့အတွက်  ဆန်ရိက္ခာဖိုးငွေနှင့် အိမ်ဆောက်ပစ္စည်းဖိုး ရန်ပုံငွေ ၁၅၃၉၂၁၀ဝ ကျပ်တို့ကို သက်ဆိုင်ရာ  ခရိုင်၊မြို့နယ်ရုံးများကလည်း သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

 

သန်းနိုင်ဦး(ငဖဲ)