မကွေး   ၁၅   မေ

 

မကွေးတိုင်းဒေသကြီးအတွင်းရှိ ယာဉ်လိုင်းများကို တစ်ခြားတိုင်းဒေသကြီး ပြည်နယ်သို့ ပြေးဆွဲခွင့် မပြုသေးသော်လည်း တိုင်းဒေသကြီးအတွင်းက မြို့နယ်အသီးသီးသို့ မော်တော်ယာဉ်လိုင်းများ မေလ ၁၆ ရက် နေ့မှ စတင်၍ ပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။

 

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ထိန်းချုပ်ရေးအတွက် မကွေးမြို့ ကားကြီးကွင်းမှ ယာဉ်လိုင်းများကို ဧပြီ ၁၀ ရက်နေ့က တိုင်းအတွင်း တိုင်းပြင်ပပြေးဆွဲနေတဲ့ ခရီးသည်ယာဉ်လိုင်းတွေကို ယာယီပိတ်ခဲ့တာပါ၊ တိုင်းအတွင်း ပြေးဆွဲမည့် ယာဉ်လိုင်းတွေအနေနဲ့ နှစ်ယောက်ခုံတစ်ခုံကို ခရီးသည်တစ်ယောက်သာ တင်ရမှာဖြစ်ပြီး၊ ယာဉ်စီးခအနေနဲ့ ခရီးသည်တစ်ဦး တစ်ဆခွဲ တိုးကောက်ခံမှာပါ၊ ခရီးသည်ရော ကားမောင်းတဲ့သူပါ Mask တက်ရမှာဖြစ်တယ်လို့  ပုဂ္ဂလိကပိုင် ယာဉ်လိုင်းများ ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်စိုး က ပြောသည်။

 

အဆိုပါ မော်တော်ယာဉ်လိုင်းပြေးဆွဲမှု ဆောင်ရွက်ရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ချမှတ်ထား သည့် စည်းကမ်းများနှင့်အညီ ယာဉ်တစ်စီး၏ ထက်ဝက်နှုန်းဖြင့် ခရီးသည်များ သွားလာမှုအဆင်ပြေစေရန် ပြေးဆွဲသွားမည်ဖြစ်ပြီး ပြေးဆွဲမည့် မော်တော်ယာဉ်များသည် နံနက်မိုးလင်းချိန်မှ ညနေအထိ ပြေးဆွဲရန် သတ်မှတ်ထားသည်။

 

ယာဉ်စီးခကို ယခင်သတ်မှတ်ထားသည့် နှုန်းထားထက် တစ်ဆခွဲသတ်မှတ်၍ မော်တော်ယာဉ် ကြီးကြပ်ရေး ကော်မတီမှ စနစ်တကျ စိစစ်ကြပ်မတ်ဆောင်ရွက်သွားမည်ဖြစ်ပြီး မော်တော်ယာဉ်ဂိတ်များ အားလုံးတွင် လက်ဆေးကန်များ ဆောင်ရွက်ထားရှိရေး၊ ယာဉ်များပေါ်တွင် Hand Gel များထားရှိရေးနှင့် ခရီးသည်တစ်ဦးလျှင် Mask တစ်ခုစီ အခမဲ့ပေးဝေနိုင်ရေးတို့ကို စီစဉ်ဆောင်ရွက်ထားရှိကြောင်း  သိရသည်။

 

မကွေးမြို့ အဝေးပြေးယာဉ်ရပ်နားစခန်းတွင် မကွေးအခြေပြု ယာဉ်အသင်း(၃၈)သင်း၊ တစ်ခြားတိုင်းဒေသကြီနှင့် ပြည်နယ်များသို့ ပြေးဆွဲနေသော မော်တော်ယာဉ်အသင်း (၅၄)သင်း၊ အခြားတိုင်းနှင့် ပြည်နယ်များမှ လာရောက် ပြေးဆွဲသည့် မော်တော်ယာဉ်အသင်း (၄၁)သင်း စုစုပေါင်း (၁၃၃)သင်းရှိပြီး မော်တော်ယာဉ်လိုင်းများအား စည်းကမ်းချက်များနှင့်အညီ ယာဉ်လိုင်းပြေးဆွဲ ဆောင်ရွက်မှုအား မော်တော်ယာဉ်လိုင်း ကြီးကြပ်မှုကော်မတီက စိစစ်ကာ အခြားတိုင်းနှင့် ပြည်နယ်များသို့ ဆက်လက်ပြေးဆွဲနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

သန်းနိုင်ဦး(ငဖဲ)