မကွေး   ၁၉  ဧပြီ

 

မကွေးတိုင်း ဒေသကြီးအတွင်း မြို့နယ်ခုနစ်မြို့နယ်ရှိ ကျေးရွာ(၁၇)ရွာ၌ ၂၀၂၀ ပြည့်နှစ် နွေရာသီ ကာလအတွင်း သောက်သုံးရေ ပြတ်လပ်မှု မဖြစ်ပေါ်စေရေးအတွက် သောက်သုံးရေများ ဖြန့်ဝေ ပေးလျက်ရှိရာ ဧပြီလ ၁၈ ရက်နေ့အထိ သောက်သုံးရေဂါလံ ၁၃၀ဝ၀ဝ ကျော် ဖြန့်ဝေ ပေးနိုင်ခဲ့ကြောင်း မကွေးတိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူး ဦးမျိုးအောင်ထံမှ သိရသည်။

 

8520

 

တိုင်းဒေသကြီးအတွင်း နတ်မောက်၊ သရက်၊ ကံမ၊ ရေစကြို၊ မြိုင်၊ ပေါက်၊ ဆော စသည့် မြို့နယ် ခုနစ်မြို့နယ်ရှိ ကျေးရွာ ၁၇ ရွာ၌ နွေရာသီကာလ အပူရှိန်မြင့်တက်နေမှုကြောင့် မြေသား မိုးရေလှောင်ကန်များမှာ ရေခမ်းခြောက်မှုဖြစ်ပေါ်ခြင်းနှင့် စက်ရေတွင်းပျက်ခြင်း၊ စက်ချွတ်ယွင်းမှုများ ဖြစ်ပေါ်နေစဉ် ကာလအတွင်း သောက်သုံးရေ ပြတ်လပ်မှုမဖြစ်ပေါ်စေရေး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနပိုင် ရေသယ်ယာဉ်များဖြင့် လည်းကောင်း၊ အခြားဌာနဆိုင်ရာများနှင့် လူမှုရေး အသင်းအဖွဲ့များ၏ ရေသယ်ယာဉ်များဖြင့်လည်းကောင်း ရေဖြန့်ဝေ ပေးလျက်ရှိကြောင်း၊  လက်ရှိမှာတော့ မတ်လ တတိယအပတ်မှ ဧပြီလ ၁၈ ရက်နေ့အထိ ကျေးရွာ(၁၇)ရွာကို ကျေးရွာအရောက် သောက်သုံးရေဂါလန် ၁၃၅၃၇၀ ဂါလန် ဖြန့်ဝေပေးနိုင်ခဲ့ကြောင်း မကွေးတိုင်း ဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမျိုးအောင် ပြောပြ၍ သိရသည်။

 

963258

 

ကျွန်တော်တို့ ဦးစီးဌာနအနေနဲ့တော့ ကျေးလက်နေပြည်သူများ နွေရာသီကာလ သောက်သုံးရေ ဖူလုံစွာရရှိဖို့ သက်ဆိုင်ရာမြို့နယ် လွှတ်တော်ကိုယ်စားလှယ်တွေ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီတွေနဲ့ ဦးစားပေးအလိုက်ရွေးချယ်ပြီး ဆောင်ရွက်လျက်ရှိပါတယ်။ ပြည်တွင်း ပြည်ပ NGOs/ INGOs အဖွဲ့အစည်းတွေ၊ ပုဂ္ဂလိက အလှူရှင်တွေနဲ့လည်း ချိတ်ဆက်ဆောင်ရွက်ပေးလျက်ရှိပါတယ်။ ရေရှားပါး ပြတ်လပ်သော ကျေးရွာများမှ သောက်သုံးရေပြတ်လပ်ပါက ဖြည့်ဆည်းပေးနိုင်ရေး အကူအညီ တောင်းခံနိုင်ရန်နှင့် ရေလှူဒါန်းလိုသော စေတနာရှင်၊ အလှူရှင်များက ရေလှူဒါန်းမှုများ ပြုလုပ်နိုင်ရန်အတွက် Water Donation Myanmar App ကို အလွယ်တကူ အသုံးပြု ဆောင်ရွက်နိုင်ပြီး ရေရှားပါး ပြတ်လပ်မှုနှင့် ဖြည့်ဆည်းဆောင်ရွက်ပေးမှု နောက်ဆုံးအခြေအနေများကို water-donation.com တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်လို့ ” ၎င်းက ဆက်လက်ပြောပြ၍ သိရသည်။

 

693258

 

မကွေးတိုင်းဒေသကြီးအတွင်းရှိ ကျေးရွာများ သောက်သုံးဖူလုံစွာရရှိရေးအတွက် ၂၀၁၉-၂၀၂၀ ခု ဘဏ္ဍာရေးနှစ်တွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် ယခင်နှစ်က ရေရှားပါးလို့ ရေပေးဝေ ခဲ့ရသောကျေးရွာတွေနဲ့ အခြားရေရှားပါးနိုင်တဲ့ ကျေးရွာတွေကို ဦးစားပေးကာ တွင်းနက် စက်ရေတွင်း (၇၈)တွင်း၊ တွင်းတိမ်စက်ရေတွင်း (၄)တွင်း၊ လက်တူးတွင်း(၃)တွင်း၊ မြေသားရေကန် (၃၆)ကန်၊ စိမ့်စမ်းရေ သွယ်ယူခြင်းလုပ်ငန်း(၁၁)ခု၊ အခြားရေ ရရှိရေးလုပ်ငန်း(၄၆)ခု စုစုပေါင်း ရေရှိရေးလုပ်ငန်း (၁၇၈)ခုကို ငွေကျပ် ၂၉၂၂ ဒသမ ၄၃၂ သန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

သန်းလွင်(မကွေး)