မကွေး    ၂၄  မေ  

မကွေးတိုင်းဒေသကြီးအတွင်း မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ ကျပ် ၁၄၃ ဘီလီယံကျော် ထုတ်ချေးပေးလျက် ရှိကြောင်း တိုင်းဒေသကြီး မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

တိုင်းဒေသကြီးအတွင်းရှိ တောင်သူများအား မိုးစပါး ၁ ဧကလျှင် ၁ သိန်းခွဲကျပ်နှုန်း၊ အခြားသီးနှံ ၁ ဧက ၁ သိန်းကျပ်နှုန်းဖြင့် စိုက်ပျိုးစရိတ်ချေးငွေ ကျပ်သန်းပေါင်း တစ်သိန်းလေးသောင်း သုံးထောင်ကျော် ထုတ်ချေးပေး လျက်ရှိပြီး မကွေးတိုင်းဒေသကြီးအတွင်း ၂၀၂၀ ခုနှစ်အတွက် မိုးစပါးစိုက်ဧက ၄ သိန်းကျော်၊ အခြားသီးနှံစိုက်ဧက ၈ သိန်း ၂ သောင်းကျော် စုစုပေါင်း ၁၂ သိန်းကျော် စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။

“ပြီးခဲ့တဲ့လပိုင်းက ဗဟိုဘဏ် အတိုးနှုန်းလျှော့ချလိုက်လို့ ယခင်အတိုးနှုန်း ၈ ရာခိုင်နှုန်းကနေ ယခု ၅ ရာခိုင်နှုန်းနဲ့ ထုတ်ချေးပေးနေတာပါ၊ ချေးငွေပြန်သွင်းရမယ့် သတ်မှတ်ရက်ထက် နောက်ကျခဲ့ရင် ငွေ ၁၀၀ ကို ၁ လ ပြားငါးဆယ်နှုန်းနဲ့ ဒဏ်ကြေးပေးဆောင်ရမှာ ဖြစ်ပါတယ်”ဟု မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် တိုင်းမန်နေဂျာ ဦးကျော်တင်ဦးက ပြောသည်။

ထိုသို့ထုတ်ချေးရာတွင် တောင်သူများပိုင်ဆိုင်သည့် (ပုံစံ-၇)မူရင်းများကို ထုတ်ချေးယူသည့် နေ့မှ ချေးငွေပြေကျေ သည်အထိ ပေးအပ်ထားရမည်ဖြစ်ပြီး ချေးငွေအရင်းနှင့် ကျသင့်အတိုး၊ ဒဏ်တိုးများ ပြေကျေမှသာ ပြန်လည် ထုတ်ယူခွင့်ရှိကြောင်းနှင့် ယခုနှစ်နွေရာသီတွင် မြို့နယ် ၄ မြို့နယ်မှ နွေစပါးစိုက် ဧက ၃၈၀ ကျော်နှင့် အခြားသီးနှံ စိုက်ဧက ၁၀၀၀ ကျော်အတွက် ကျပ်ငွေ သန်းပေါင်း ၁၁၀၀၀ ကျော်ကို ထုတ်ချေးခဲ့ကြောင်း တိုင်းဒေသကြီး မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ သိရသည်။

သန်းနိုင်ဦး(ငဖဲ)