မကွေး၊    ၁၂    ဇန်နဝါရီ   

 

မကွေးတိုင်းဒေသကြီးအတွင်း မိုးရာသီကာလ မိုးရွာသွန်မှုနည်းပါး၍ မိုးခေါင်ရေရှားဖြစ်ခဲ့ခြင်းကြောင့် ပခုက္ကူခရိုင်နှင့် မကွေးခရိုင်အတွင်းရှိ ဒေသခံများ စိုက်ပျိုးရေရရှိရေးထက် သောက်သုံးရေရရှိနိုင်မှု အခက်အခဲဖြစ်နေကြောင်း ဒေသခံများထံမှ သိရသည်။

 

ပခုက္ကူမြို့နယ် ပန်းတိုင်းခြုံကျေးရွာအုပ်စု မျောက်လူးကန်၊ ပန်းတိုင်းခြုံ၊ အရှေ့ဘုန်းကန်နှင့် ကြီးရွာ ကျေးရွာများနှင့် မကွေးခရိုင် ချောက်မြို့နယ် သြဇာတော၊ ပေပင်ကုန်း၊ မလွှတောင်နှင့် မကြီးကန် ကျေးရွာများမှ ဒေသခံများ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလကုန်အထိသာ သောက်သုံးရေရရှိခဲ့ပြီး ဇန်နဝါရီ လဆန်းပိုင်းက စတင်ကာ သောက်သုံးရေ အခက်အခဲများဖြစ်နေကြောင်း ပခုက္ကူမြို့နယ်  ပန်းတိုင်းခြုံ ကျေးရွာအုပ်စု ဒေသခံ ဦးအေးကိုနှင့် ချောက်မြို့နယ် သြဇာတောကျေးရွာအုပ်စုမှ ဦးမြင့်သိန်းတို့က ပြောပြသည်။

 

mdn

 

ပခုက္ကူမြို့နယ်  ပန်းတိုင်းခြုံကျေးရွာအုပ်စု ဒေသခံ ဦးအေးကိုက “ကျွန်တော်တို့ ဒေသမှာ ဒီနှစ်ဆိုရင် ဆောင်းတွင်းမှာကို စိုက်ပျိုးရေ အခက်အခဲဖြစ်တာမဟုတ်ဘူး။ သောက်သုံးရေပါ အခက်အခဲဖြစ်နေပြီ။ အရင်နှစ်တွေမှာ မိုးရွာနေတော့ ကျွန်တော်တို့ရွာတွေဘက် ကန်တွေမှာ ရေပြည့်တော့ နှစ်ပတ်လည် ရေသုံးလို့ရတယ်။ ဒီနှစ်က မိုးခေါင်တော့ အဲ့ဒီကန်တွေ ရေမရှိတော့ သောက်ရေကအစ အခက်အခဲဖြစ် နေတာပါ။ အခုဆောင်းတွင်းမှာကို ရေမရှိတော့ဘူး နွေဆိုရင် မီးဘေးအန္တရာယ်ပါ ကြောက်ရတော့  ရေရရှိဖို့ ဘယ်လိုဖန်တီးကြမလဲ ဟု ပြောပြသည်။

 

ပခုက္ကမြို့နယ်ကြီးရွာမှာ မြစ်ရေတင်စီမံကိန်းကို ၁၉၉၃ ခုနှစ်ကစပြီး  ရေပေးရန် မြစ်ရေတင်စီမံကိန်း ရေမြောင်းများ စက်များရှိသော်လည်း ၂၀၂၀ နှစ်ကုန်အထိ ရေမပေးခဲ့တဲ့အတွက် သက်ဆိုင်ရာ တာဝန်ရှိသူတွေ အဆင့်ဆင့်ကို ရေပေးရန် တင်ပြတောင်းဆိုခဲ့ပါတယ်။ ခုချိန်အထိ ရေပေးရန် အကောင် အထည်ဖော် ဆောင်ရွက်ပေးခြင်း မရှိသေးတဲ့အတွက် လက်ရှိမှာတော့ စိုက်ပျိုးရေအပြင် သောက်သုံး ရေပါ အခက်အခဲဖြစ်နေတာ ဖြစ်တယ်  ဦးအေးကိုက ဆက်လက်ပြောပြသည်။

 

ချောက်မြို့နယ် သြဇာတောကျေးရွာ ဦးမြင့်သိန်းက “ဒီနှစ်က မိုးဦးကာလက မိုးခေါင်ခဲ့ပါတယ်။ နောက်မိုးမှာ ရွာတဲ့အကြိမ်ရေများပေမယ့် မိုးက ကွက်ကြားမိုးရွာတာများပြီး မိုးရေက မပါဘူး။ ကျွန်တော်တို့ ဒီနားက ရွာတွေမှာ ကန်တွေ ရေမတင်ဘူး။ ဒီနားက မြင်းသောက်ကန်ဆည်ဆိုရင် ရေမရှိဘူး။ သောက်သုံးရေပါ အခက်တွေ့နေတာပါ။ ဒီဆည်က စိုက်ပျိုးရေအတွက် မသုံးဘူး။ သောက်သုံးရေရဖို့ အဓိကထား မှီခိုရတယ်။ ဒီနယ်ဘက်က ကန်တွေကလည်း ဒီလကုန်သုံးပြီးရင် ရေကုန်ပြီ ဟု ပြောပြသည်။

 

သြဇာတောကျေးရွာတွင် ၁၉၈၄ ခုနှစ်က စက်ရေတွင်းရှိသော်လည်း ရေငန်ဖြစ်ခြင်းကြောင့် ပိုက်များ သံချေးစားပြီး ရေမထွက်ရှိကြောင်း၊ အနီးအနားဝန်းကျင်ရှိ ကန်များအား ကျေးရွာ ခုနစ်ရွာ သုံးစွဲရပြီး ယခုအခါ ရေရှားမှုဖြစ်၍ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးထံသို့ တင်ပြတောင်းဆိုထားကြောင်း ဦးမြင့်သိန်းက ပြောပြသည်။

 

၂၀၁၉ - ၂၀၂၀ ဘတ်ဂျက်ကာလတွင် မကွေးတိုင်းဒေသကြီးအတွင်း၌ နွေရာသီတွင် ရေရှားခဲ့သည့် ကျေးရွာပေါင်း ၆၅ ရွာကျော်ပြီး တိုင်းဒေသကြီး ကျေးလက်ဒေသဖွံးဖြိုးတိုးတက်ရေးဦးစီးဌာနမှ စာရင်းကောက်ယူထားပြီး စိမ့်စမ်းရေခမ်းခြောက်လာသည့် ဂန့်ဂေါဒေသအပါအဝင် တိုင်းဒေသကြီး အတွင်း မြို့နယ်အသီးသီးက ကျေးရွာများ ပါဝင်ကြောင်း၊ ယခုနှစ်တွင် မကွေး၊ နတ်မောက်၊ မြို့သစ်၊ ရေနံချောင်း၊ ချောက်၊ ပခုက္ကူမြို့နယ်များမှ ကျေးရွာများ သောက်သုံးရေ ရှားပါးလာကြောင်း သိရသည်။

 

သန်းနိုင်ဦး(ငဖဲ)