မကွေးတိုင်းဒေသကြီးအတွင်း ပန်းမုံလာစိမ်းပင် စိုက်ပျိုးထုတ်လုပ်သူများ ဈေးကွက်တွက်ခြေကိုက်မှုရရှိနေ

ဒီဇင်ဘာ ၂၃

 

မကွေးတိုင်းဒေသကြီးအတွင်း ဆောင်းသီးနှံအဖြစ် ပန်းမုံလာစိမ်းပင် စိုက်ပျိုးထုတ်လုပ်သူများ ဈေးကွက်တွက်ခြေကိုက်မှု ရရှိနေကြောင်း သိရသည်။

 

“ကျွန်တော်က ခရမ်းချဉ်နဲ့ ဂန္ဓမာပန်းတွေကို အဓိကစိုက်ပျိုးတယ်။ ပန်းမုံလာစိမ်းပင်ကိုတော့ ပင်ရေ ၂၅၀၀ လောက် စိုက်ပျိုးထားပါတယ်။ ကျွန်တော်တို့ဒေသမှာ ပန်းမုံလာစိမ်းစိုက်တဲ့အခါ အထွက်နှုန်းကလည်းကောင်း၊ ဈေးကွက်လည်းရှိလို့ စိုက်ပျိုးဖြစ်သွားတာပါ။ ကျွန်တော်တို့ဒေသဘက်က ပေါင်းပင်သိပ်မရှိလို့ အလုပ်သမားခကလည်း သိပ်မကုန်ပါဘူး။ ဆောင်းဦးရာသီလောက်မှာ စိုက်ကြတာကြောင့်လည်း အခုလိုအဆင်ပြေသွားကြတာပါ” ဟု မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၊ သာစည်ကျေးရွာမှ ပန်းမုန်လာစိမ်းပင်(ဘရိုကိုလီပင်) စီးပွားဖြစ်စိုက်ပျိုးသူ ကိုလှထွေးက ပြောသည်။

 

ပန်းမုံလာစိမ်းပင်ကို အောက်တိုဘာလတွင် စိုက်ပျိုးပါက ဒီဇင်ဘာလမှစတင်၍ ခူးဆွတ်နိုင်သည်။

 

“ဈေးကွက်အနေအထားအရ ကျွန်တော်တို့ဆီမှာက ပွဲရုံတိုက်ရိုက်တော့ မရှိသေးဘူးပေါ့။ ကျွန်တော်တို့ဆီကနေ မင်းဘူး၊ မကွေး၊ ပွင့်ဖြူမြို့တွေကို တင်ပို့ကြတယ်။ ဈေးနှုန်းကတော့ လက်လီဈေးက တစ်ပွင့်ကို ၁၀၀၀ ကျပ်ကနေ ၁၂၀၀ ကျပ်၊ လက်ကားဈေး တစ်ပွင့်ကို ၇၀၀/၈၀၀ ကျပ်လောက် ရပါတယ်။ စိုက်စရိတ်ရယ် အထွက်နှုန်းရယ်နဲ့ တွက်ကြည့်မယ်ဆိုရင် တွက်ခြေကိုက်မှု ရှိပါတယ်”ဟု ကိုလှထွေးက ဆက်လက်ပြောသည်။

 

ပန်းမုံလာစိမ်းပင် ပင်ရေ ၂၅၀၀ စိုက်ပျိုးပါက ကုန်ကျစရိတ် (ရေဖိုး၊ ဆေးဖိုးအပါ) ၂၅၀၀၀၀ ကျပ်ဝန်းကျင် ကုန်ကျကြောင်း ကိုယ်တိုင်စိုက်ပျိုး ထုတ်လုပ်သူများထံမှ သိရှိရသည်။

 

နန်းထက်ထက်ချစ်