မကွေး ၉ နိုဝင်ဘာ
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး မဲပေးဆောင်မှုမှာ နိုဝင်ဘာလ ၈ ရက် ယမန်နေ့ ညနေပိုင်းက အောင်မြင်စွာ ကျင်းပပြီးဆုံးခဲ့ပြီဖြစ်ပြီး၊ မကွေးတိုင်းဒေသကြီးအတွင်း ရွေးကောက်ပွဲရလဒ်များအား အချိန်မီထုတ်ပြန်နိုင်ရေး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင် အနေဖြင့် မဲဆန္ဒနယ်အသီးသီးမှ ပေးပို့လာသော ဆန္ဒမဲရလဒ်များကို အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်နိုင်ရေး ဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီးအတွင်း ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် မဲဆန္ဒရှင်ဦးရေ (၃၀၂၆၇၃၃)ရှိပြီး၊ လာရောက်မဲပေးသူဦးရေ (၂၂၀၁၆၆၀)ဦး ရှိကာ မဲပေးမှုရာခိုင်နှုန်း အနေဖြင့် (၇၂.၇၄%) ဖြစ်ကြောင်း သိရသည်။
ယခု ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးတွင် တိုင်းဒေသကြီးအတွင်း မဲဆန္ဒရှင်ဦးရေ (၃၃၁၀၁၃၂) ဦးရှိပြီး၊ လာရောက်မဲပေးသူဦးရေ (၂၆၀၁၂၃၈)ဦးရှိကာ မဲပေးမှုရာခိုင်နှုန်း အနေဖြင့် (၇၈.၅၈%) ဖြစ်သည့်အတွက် ၂၀၁၅ နှင့် ၂၀၂၀ ရွေးကောက်ပွဲဆိုင်ရာ ကွာခြားချက်မှာ (၅.၈၄%) ဖြစ်ကြောင်း တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးက သိရသည်။
သန်းနိုင်ဦး(ငဖဲ)


